ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ စပါးနဲ့ အက်စ်တွန်ဗီလာတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် ဗီလာက အိမ်ရှင် စပါးကို ဦးဆောင်ဂိုး အရင် ခွင့်ပြုပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် သွင်းယူကာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

စပါးနဲ့ ဗီလာတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက ထိပ်ဆုံး ၄သင်း စာရင်းထဲ ဝင်နိုင်ဖို့ ရည်မှန်းချက်တွေ ရှိတာကြောင့် ဒဏ်ရာရ ၊ ပွဲပယ် ကစားသမားတွေကလွဲရင် အကောင်းဆုံး လူစာရင်းတွေကို ထုတ်သုံးခဲ့ကြပြီး ခြေစွမ်းပိုင်းကလည်း များစွာ ကွာခြားခဲ့ခြင်း မရှိပါဘူး။

Photo Credit: Birmingham Live

ပွဲချိန် ၂၂မိနစ်မှာတော့ အိမ်ရှင် စပါးက ကွင်းလယ်လူ လိုဆယ်ဆိုရဲ့ လှပတဲ့ ဂိုးဧရိယာပြင်ပကန်ချက်ကြောင့် အဖွင့်ဂိုးကို စတင် ရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ဧည့်သည် ဗီလာက ဆက်တိုက် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၄၅+၇မိနစ်မှာတော့ နောက်ခံလူ ပါအူ တောရက်စ်က ဗီလာအတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲချိန် ၆၁မိနစ်မှာတော့ ဗီလာတိုက်စစ်မှူး ဝက်စ်ကင်းက ဗီလာအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၁-၂ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် စပါးက ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ဗီလာဂိုးသမား မာတီနက်ဇ်ရဲ့ လက်စွမ်းကောင်းတွေကြောင့် ကြိုးစားမှုတွေ အားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့ပါတယ်။

စပါးကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ဗီလာက ပွဲစဉ်(၁၃) အပြီးမှာ ရမှတ် ၂၈မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၄) နေရာကို သိမ်းပိုက်နိုင်ခဲ့သလို အဆင့်(၁)နေရာနဲ့လည်း ရမှတ် ၂မှတ်ထဲသာ ကွာဟပါတော့တယ်။

Photo Credit: Sky Sports

ဗီလာရဲ့ အံ့မခန်းခြေစွမ်းနဲ့ ရလဒ်ကောင်းတွေ အတွက် ချီးကျူးရမယ့်လူက ဗီလာနည်းပြချုပ် အူနိုင်း အမ်မရီ ဖြစ်ပြီး အမ်မရီက သူ့ရဲ့ ပထမဦးဆုံး အင်္ဂလန်ခရီးစဉ်မှာ အာဆင်နယ်နဲ့အတူ အောင်မြင်မှု မရခဲ့ပေမယ့် ဗီလာကိုတော့ အကောင်းဆုံး ကိုင်တွယ်ပြနေပါတယ်။

အူနိုင်း အမ်မရီ တယောက် ဗီလာကို စတင် ကိုင်တွယ်ချိန်မှာ ဗီလာက အဆင့်(၁၆)နေရာ အထိ ရောက်နေတဲ့ အသင်း ဖြစ်ပေမယ့် အမ်မရီ ရောက်အပြီး ၁၃လ ကြာပြီးချိန်မှာတော့ ဗီလာက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး(၄)သင်း စာရင်းထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အင်္ဂလန်ရဲ့ ဘောလုံးရေးရာ သုံးသပ်ဝေဖန်သူတွေက အူနိုင်း အမ်မရီဟာ ၂၀၂၃ခုနှစ်ရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း ချီးကျူးနေကြတာပဲ ဖြစ်ပါတယ်။