ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ အက်စ်တွန်ဗီလာရဲ့ နည်းပြချုပ် ဖြစ်သူ အူနိုင်း အမ်မရီက တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗီလာ ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ သူတို့အသင်းက မန်ချက်စတာ ယူနိုက်တက်ထက်တောင် နိုင်ပွဲနဲ့ ပိုထိုက်တန်ခဲ့ပါတယ်လို့ မချိတင်ကဲ ပြောလာပါတယ်။

အမ်မရီ ဦးဆောင်နေတဲ့ အက်စ်တွန်ဗီလာက ပထမ ဘောလုံးရာသီဝက်မှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူနိုင်ခဲ့တာကြောင့် ပွဲစဉ်(၂၄) မကစားခင်မှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ပွဲစဉ်(၂၄)မှာ မန်ချက်စတာ ယူနိုက်တက်ကို အရေးနိမ့်ခဲ့တာကြောင့် သူတို့ရဲ့ အဆင့်(၄)နေရာကို စပါးဆီ လွှဲပေးခဲ့ရပါတယ်။

Photo Credit: 90 Mins

ဗီလာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အနိုင်ရရှိရေး အတွက် ကြိုးစား ကစားခဲ့ကြပြီး ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က အိမ်ရှင် ဗီလာထက် ဂိုးပေါက်ကန်သွင်းခွင့် နည်းပါးခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တာကြောင့် နောက်ကျအနိုင်ဂိုးနဲ့ အဖိုးတန် အနိုင် ၃မှတ်ကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။

ဗီလာ ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အိမ်ရှင် ဗီလာက ဘောလုံးပိုင်ဆိုင်မှု ၊ ဂိုးပေါက်ကန်သွင်းခွင့် ၊ အပိုင်အခွင့်အရေး စတဲ့ အချက်အလက်တွေမှာ အသာစီး ရခဲ့ပေမယ့် ယူနိုက်တက် ဂိုးသမား အိုနာနာ တယောက် လက်စွမ်းပြခဲ့သလို ဗီလာ ကစားသမား တချို့ကလည်း ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ ရမှတ် ဗလာနဲ့ တိုးသွားခဲ့တာပါ။

Photo Credit: Mirror

ပွဲပြီးဆုံးချိန်မှာတော့ ဗီလာနည်းပြချုပ် အူနိုင်း အမ်မရီက သူတို့အသင်းရဲ့ ကစားပုံဟာ အကောင်းဆုံး ဖြစ်ခဲ့တာကြောင့် ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှု အတွက် ဂုဏ်ယူကြောင်းနဲ့ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်ထက် သူတို့ကသာ အနိုင်ရလဒ်နဲ့ ပိုမို ထိုက်တန်ကြောင်း ထုတ်ပြောသွားခဲ့ပါတယ်။

အူနိုင်း အမ်မရီက – “အသင်းရဲ့ ဒီနေ့ပွဲ ကစားပုံ အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့အသင်းက စီစဉ်ထားတဲ့အတိုင်း ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ပြိုင်ဘက်ကို ခြေစွမ်းအသာနဲ့ အနိုင် ကစားဖို့ အာရုံစိုက် ကစားခဲ့သလို တကယ်လည်း နှစ်သင်းကြားမှာ ခြေစွမ်းကွာဟချက် ကြီးမားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က နိုင်ပွဲတော့ မရခဲ့ပါဘူး။ မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ အနိုင်ရခဲ့တာကြောင့် သူတို့မှာ ယုံကြည်ချက်တွေ တိုးနေပါတယ်။ ဒီပွဲက ခက်ခဲတဲ့ပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့က ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်။ သူတို့ထက်လည်း ဂိုးသွင်းခွင့်တွေ ပိုဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ပြိုင်ဘက်တွေထက် ရလဒ်ကောင်းနဲ့ ပိုထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကို ဂိုးသွင်းခွင့်တွေလည်း အများကြီး မပေးခဲ့ရပါဘူး။ သူတို့အသင်းရဲ့ ကစားသမားတွေက ဒီနေ့မှာ ဂိုးသွင်းသေချာနေခဲ့တာပါ။ ပြီးတော့ သူတို့ရဲ့ ဂိုးသမားကလည်း လက်စွမ်းကောင်းတွေ ပြသခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။