ပေါ်တူဂီ နာမည်ကြီးကလပ် စပို့တင်း လစ္စဘွန်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ယူဂါတီရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် ချီဂျိမ်းစ်က သူ့ရဲ့ ကစားသမားဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြုသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဥရုဂွေးလက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ယူဂါတီက ယခုနှစ် ဘောလုံးရာသီမှာ စပို့တင်း လစ္စဘွန်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ယူဂါတီဟာ စပို့တင်း အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ အထိ ပါဝင် ကစားပေးထားပါတယ်။

Photo Credit: Sporting Life

ယူဂါတီက ခံစစ်အားသန် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်တာကြောင့် သူ့ဆီကနေ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေကို များများစားစား မမြင်ရပေမယ့် သူ့ရဲ့ ဘောလုံးဖျက်ထုတ်မှု ၊ ဘောလုံးလုယူမှုနဲ့ ဘောလုံးပေးပို့မှု အရည်အသွေးတို့က ထိပ်တန်းအဆင့်မှာ ရှိပြီး ယူဂါတီဟာ ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က ယူဂါတီကို ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားနေကြတာ ဖြစ်ပြီး ယူဂါတီရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် ချီဂျိမ်းစ်ကလည်း သူ့ရဲ့ ကစားသမားဟာ ရာသီကုန်ရင် စပို့တင်း လစ္စဘွန်းကို စွန့်ခွာဖို့ သေချာကြောင်း ပြောကြားရင်း ယူနိုက်တက်နဲ့ လီဗာပူးတို့ကို အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ မီးစိမ်းပြသွားခဲ့ပါတယ်။

Photo Credit: Standard

ဂျော့စ် ချီဂျိမ်းစ်က – “ကျွန်တော်ကတော့ ယူဂါတီဟာ လာမယ့်ရာသီမှာ စပို့တင်း လစ္စဘွန်းနဲ့အတူ ဆက်ရှိနေမယ်လို့ မထင်ပါဘူး။ သူက အသင်းပြောင်းဖို့ သေချာနေပါပြီ။ လာမယ့် ၁၅ရက် အတွင်းမှာပဲ ယူဂါတီရဲ့ အနာဂတ် အတွက် တိကျတဲ့ အဖြေတခုကို ထုတ်နိုင်တော့မယ်လို့ ထင်ပါတယ်။ မကြာခင် ကျွန်တော်က လစ္စဘွန်းမြို့ဆီ သွားမယ်။ အဲ့ဒီမှာ ကျွန်တော်နဲ့အတူ ဂျော့စ် မန်ဒက်လည်း ရှိနေပါလိမ့်မယ်။ မန်ဒက်က ကမ္ဘာ့အကောင်းဆုံး အေးဂျင့်ပါ။ ကျွန်တော်က မန်ဒက်ကို ယူဂါတီရဲ့ အကြောင်း ပြောကတည်းက မန်ဒက်ဟာ ကျွန်တော့်ကို ကူညီမယ်လို့ ပြောခဲ့ပါတယ်” ဆိုပြီး ယူဂါတီရဲ့ အကြောင်းကို အသေးစိတ် ပြောပြသွားခဲ့တာပါ။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ယူဂါတီအတွက် ချီဂျိမ်းစ်ထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး စပို့တင်း လစ္စဘွန်းကတော့ ယူဂါတီရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ပေါင် ၅၂သန်း ရမှသာ ယူဂါတီကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။