ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAက လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ပြောင်းလဲ ကျင်းပသွားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲအသစ်မှာ ဆော်ဒီထိပ်သီးကလပ် အယ် နက်ဆာကို ပါဝင် ယှဉ်ပြိုင်ခိုင်းဖို့ စိတ်ကူးရှိနေကြောင်း ဆော်ဒီအခြေစိုက် သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

UEFAက လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ အသင်း ၃၆သင်း ပါဝင်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအသစ်ကို ကျင်းပသွားမှာ ဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာ ၃၆သင်းစလုံးက တအုပ်စုထဲ ကျရောက်နေမှာ ဖြစ်ကာ တသင်းဆီက အုပ်စုအဆင့်မှာ မတူညီတဲ့ ပြိုင်ဘက် ၈သင်းနဲ့ ကစားရပါမယ်။

Photo Credit: Goal

တသင်းဆီက မတူညီတဲ့ ပြိုင်ဘက် ၈သင်းနဲ့ အုပ်စုပွဲ ၈ပွဲကို ကစားရဖို့ ရှိနေသလို ၄ပွဲကို အိမ်ကွင်း ၊ ၄ပွဲကို အဝေးကွင်း ကျပန်း ကစားကြမှာ ဖြစ်ကာ အုပ်စုတွင်း အမှတ်အများဆုံး ရတဲ့ ၈သင်းက ၁၆သင်း ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

အဆင့်(၉) ကနေ အဆင့်(၂၄) အထိ ရတဲ့ အသင်းတွေကတော့ ၁၆သင်းရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ ပြိုင်ဘက်အသင်း တသင်းကို အနိုင်ကစားဖို့ လိုအပ်ပြီး အဆိုပါအဆင့်ကို ကျော်ဖြတ်နိုင်မှသာ ၁၆သင်း ရှုံးထွက်အဆင့်မှာ စောင့်ဆိုင်းနေတဲ့ အသင်းတွေနဲ့ ရင်ဆိုင် ကစားရမှာပါ။ ၁၆သင်းအဆင့် ၊ ကွာတားဖိုင်နယ် ၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကတော့ ယခု ကျင်းပနေတဲ့ ပုံစံအတိုင်း ဆက်လက် ကျင်းပဖို့ စီစဉ်ထားပါတယ်။

Photo Credit: Standard

၃၆သင်း အထိ ပါဝင် ယှဉ်ပြိုင်ခိုင်းဖို့ စီစဉ်ထားတာကြောင့် နိုင်ငံပေါင်းစုံက အသင်းတွေကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မြင်တွေ့ ရဖို့ ရှိနေကာ UEFAဟာ အဆိုပါပြိုင်ပွဲမှာ ဥရောပကလပ်တွေ မဟုတ်ပဲနဲ့ ကမ္ဘာတလွှားမှာ နာမည်ကြီးနေတဲ့ ကလပ်အသင်း ၃သင်းကို အထူးအသင်းတွေ အဖြစ် ပါဝင် ယှဉ်ပြိုင်ခိုင်းဖို့ စတင် စဉ်းစားနေပါတယ်။

ဆော်ဒီနိုင်ငံရဲ့ နာမည်ကျော် အားကစားကလောင်ရှင် အယ်ဟာဘီရဲ့ အဆိုအရ UEFAဟာ ၂၀၂၄-၂၀၂၅ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အထူးအသင်း ၃သင်းကို ပါဝင် ယှဉ်ပြိုင်ခိုင်းဖို့ စီစဉ်နေပြီး လတ်တလောမှာ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုကြောင့် ဘောလုံးပရိသတ်တွေကြားမှာ ထင်ရှားလာတဲ့ အယ် နက်ဆာဟာ UEFAရဲ့ အထူးအသင်း ၃သင်းထဲမှာ ပါဝင်နေကြောင်း သိရပါတယ်။