မာဆေးလ်အသင်းက အက်စတွန် ဗီလာအသင်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဗီလာနောက်ခံလူ တိုင်ရွန်မင်းစ်နဲ့ မာဆေးတိုက်စစ်မှူး မေဆင် ဂရင်းဝုဒ်တို့ကြား အကျိတ်အနယ် ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ပါတော့မယ့် အခြေအနေအထိ တင်းမာခဲ့ပါတယ်။

Photo Credit : The Sun

ဒီပြဿနာဟာ ဗီလာကွင်းလယ်လူ အမာဒူ အိုနာနာအပေါ်ကို ဂရင်းဝုဒ်က နောက်ကနေ ကြမ်းတမ်းစွာ ဖြတ်ထုတ်ခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားဟောင်း ဂရင်းဝုဒ်ရဲ့ ဖြတ်ထုတ်မှုအပြီးမှာ သူနဲ့ အိုနာနာတို့ကြား အချင်းများနေစဉ် တိုင်ရွန်မင်းစ်က ဝင်ရောက်လာပြီး မာဆေးတိုက်စစ်မှူးရဲ့ အင်္ကျီကော်လံကို ဆွဲကာ လှည့်ပတ်ဆွဲလွှဲခဲ့တာကြောင့် နှစ်ဖက်ကစားသမားတွေ အုံဖွဲ့ရောက်ရှိလာပြီး အခြေအနေ ပိုမိုတင်းမာခဲ့ပါတယ်။ ဒီရုန်းရင်းဆန်ခတ်မှုအတွင်းမှာ ဂရင်းဝုဒ်ရဲ့ ဂျာစီအင်္ကျီလည်း စုတ်ပြဲသွားခဲ့ပါတယ်။

မာဆေးအသင်းရဲ့ Stade Velodrome ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲစဉ်ဟာ ခြေစမ်းပွဲလို့သာ အမည်တပ်ထားပေမယ့် ပွဲအပြီး ဝီစီမှုတ်လိုက်တဲ့အချိန်အထိ အငြင်းပွားမှုတွေက ဆက်လက်ရှိနေခဲ့ပါတယ်။ ဗီလာနည်းပြ အူနိုင်းအမ်မရီနဲ့ မာဆေးနည်းပြ ရော်ဘတ်တို ဒီဇာဘီတို့ဟာ ပွဲပြီးပြီးချင်းမှာပင် အပြန်အလှန် အငြင်းပွားနေခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်မှာ မာဆေးအသင်းဟာ ပွဲစပြီး (၅)မိနစ်အတွင်းမှာပဲ ဂရင်းဝုဒ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အသင်းဖော်ဟောင်း အူဘာမီယန်းက နောက်ထပ် နှစ်ဂိုးသွင်းယူပေးခဲ့တာကြောင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ရဲ့ သွင်းဂိုးဟာ တိုင်ရွန်မင်းစ် ဖြတ်ထုတ်ရှင်းလင်းနိုင်တဲ့ အနေအထားကနေ လွတ်ထွက်လာတဲ့ ဘောလုံးရှည်တစ်လုံးကို အမီလိုက်ယူကာ ဂိုးသမားကို ကျော်ဖြတ်ပြီး ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

အသင်းနှစ်သင်းစလုံးဟာ လာမယ့်သီတင်းပတ်မှာ သူတို့ရဲ့ လိဂ်ပွဲစဉ်တွေကို စတင်ကစားရတော့မှာ ဖြစ်ပါတယ်။ မာဆေးအသင်းကတော့ ဒီနိုင်ပွဲကရတဲ့ အရှိန်အဟုန်ကောင်းနဲ့အတူ သြဂုတ်လ (၁၅)ရက်နေ့မှာ ရန်းစ်အသင်းကို အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗီလာအသင်းကတော့ နောက်တစ်နေ့မှာ နယူးကာဆယ်နဲ့ မတွေ့ဆုံမီ စိတ်အေးအေးထားဖို့ တစ်ပတ်အချိန်ရခဲ့တဲ့အတွက် ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။