ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဂျာမန်လူမျိုး နာမည်ကျော် ဘောလုံးနည်းပြ သောမတ်စ်တူဟယ်လ်က သူရဲ့ ဘွန်ဒက်စ်လီဂါ အပြန်ခရီးစဉ် အစမှာပဲ သူရဲ့အသင်းဟောင်း ဒေါ့မွန်နဲ့ ပြန်လည် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sportsnet

ဘိုင်ယန်အသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ နာဂယ်စမန်းကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ တူဟယ်လ်ကို အသင်းနည်းပြသစ်အဖြစ် အလျင်အမြန်ကို ခန့်အပ်သွားခဲ့ပါတယ်။ International Break ကာလအတွင်း ဘောလုံးရာသီတစ်ခု အဆုံးသတ်ဖို့ (၂)လဝန်းကျင်လောက်သာ ကျန်ရှိနေတော့တဲ့ ကာလအတွင်းမှ အခုလို နည်းပြ အပြောင်းအလဲကို ချက်ချင်း ဗြုန်းစားကြီး လုပ်ဆောင်ခဲ့တဲ့ ဘိုင်ယန်ရဲ့ လုပ်ဆောင်မှုတွေက မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး တူဟယ်လ်လို နည်းပြမျိုးကို ခန့်အပ်ခဲ့တာက လက်ခံချင်စရာ ဆိုပေမယ့် နာဂယ်စမန်းကလည်း အသင်းကို ပုံစံကောင်းတစ်ခု ရရှိအောင် လုပ်ဆောင်ထားနိုင်သူဖြစ်လို့ သူ့ကို ထုတ်ပယ်ခဲ့တာက အရမ်းများတယ်လို့ ခံစားမိစေရပါတယ်။

Photo Credit : Sky Sports

အခုတော့ တပည့်ကျော် နာဂယ်စမန်း နေရာကို အစားဝင်လာခဲ့ တူဟယ်လ်ဟာ ဘိုင်ယန်နည်းပြအဖြစ် ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ပြန်လည် ကျင်လည်ရတော့မှာဖြစ်ပြီး သူရဲ့ ပထမဆုံး တာဝန်ယူရမယ့် ပွဲစဉ်ဟာလည်း သူ့အသင်းဟောင်း ဒေါ့မွန်နဲ့ ပြန်လည် ရင်ဆိုင်ရမယ့် ပွဲစဉ် ဖြစ်နေရပါတယ်။ ဘောလုံးလောကထဲမှာ တစ်ခါတစ်လေကျရင် ဇာတ်ညွှ့န်း ကြိုရေးထားသလားလို့ ထင်ရလောက်အောင်ပဲ အခြေအနေမျိုးတွေ ရှိနေရပြီး ဒေါ့မွန်အသင်းဟာလည်း လက်ရှိမှာ ဘိုင်ယန်ထက် တစ်မှတ်သာ အနေအထားနဲ့ အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်လို့ နေပါတယ်။

Thomas Tuchel set to be announced as new Bayern Munich head coach |  Yardbarker

Photo Credit : Yardbarker

ဒါ့အပြင် တူဟယ်လ်အနေနဲ့ ချန်ပီယံလိဂ် ကွာတားအဆင့်မှာ သူ့ပြိုင်ဘက်ဟောင်း ပက်ပ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို ကျော်ဖြတ်ပြီး တစ်ဖက်မှာ ချဲလ်ဆီးက ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ဆီမီးဖိုင်နယ်ထဲ အသင်းဟောင်း ချဲလ်ဆီးနဲ့ပါ ပြန်လည် ဆုံတွေ့ရဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ တူဟယ်လ်အနေနဲ့ သူရဲ့ တစ်ကျော့ပြန် ဘွန်ဒက်စ်လီဂါ ခရီးစဉ်ရဲ့ တာထွက်မှာ အသင်းဟောင်း ဒေါ့မွန်နဲ့ ရင်ဆိုင်နေရခြင်းက သူ့အတွက် ကောင်းမွန်တဲ့ တာထွက်တစ်ခု ဖြစ်နိုင်မဖြစ်နိုင် စောင့်ကြည့်ရပါမယ်။