မကြာသေးမီကမှ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးကနေ ထုတ်ပယ်ခံထားရတဲ့ ဂျာမဏီလူမျိုး ထိပ်တန်းနည်းပြ တဦး ဖြစ်သူ သောမတ်စ် တူဟယ်လ်က ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့် ကနေ ထွက်ခွာလာရတဲ့ အင်္ဂလန်ရဲ့ နည်းပြချုပ်ရာထူးကို ရယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဒေါ့မွန် ၊ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ တူဟယ်လ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ ၁၀ဦး စာရင်းဝင်သူ တဦး ဖြစ်ပြီး ချယ်လ်ဆီးနဲ့ လမ်းခွဲပြီးနောက်မှာ တူဟယ်လ်ဟာ ဘောလုံးလောက ကနေ ခေတ္တ အနားယူကာ ဆက်တိုက် ခရီးထွက်နေပါတယ်။

Photo Credit: The Sun

ဒါပေမယ့် တူဟယ်လ်နဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရ တူဟယ်လ်က အိန္ဒိယနိုင်ငံ အပါအဝင် အာရှနိုင်ငံ တချို့ကို သွားရောက် လည်ပတ်တဲ့ ခရီးစဉ် ပြီးရင် သူ့ရဲ့ အနာဂတ် အတွက် ကမ်းလှမ်းမှုတွေကို စတင် စဉ်းစားဖို့ ရှိနေပြီး ဥရောပ အင်အားကြီးအသင်း တချို့က တူဟယ်လ်ကို နည်းပြသစ် အဖြစ် ခန့်အပ်လိုနေကြောင်း သိရပါတယ်။

တဖက်မှာတော့ နာမည်ကြီး အင်္ဂလန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့် ကနေ ပြုတ်ခဲ့ပြီးနောက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အသင်းနည်းပြ ဆောက်ဂိတ်ကို ရာထူးမှာပဲ ဆက်ထားမလား ၊ ဒါမှမဟုတ် နည်းပြသစ် ရှာဖွေမလား ဆိုတာကို စတင် စဉ်းစားနေပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်မှာ ရှိနေတဲ့ တာဝန်ရှိသူ အများစုက ဆောက်ဂိတ်ကို ထုတ်ပယ်ကာ နည်းပြသစ် ခန့်အပ်ချင်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ The Sunနဲ့ Metroတို့ရဲ့ ဖော်ပြချက်တွေအရ ချယ်လ်ဆီးမှာ ရှိနေစဉ်က အင်္ဂလန် လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့ တူဟယ်လ်က ဆောက်ဂိတ်သာ မရှိတော့ရင် အင်္ဂလန်နည်းပြချုပ် ရာထူးကို ရယူဖို့ စိတ်ဝင်စားနေပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကလည်း တူဟယ်လ်နဲ့ ပိုချက်တီနိုတို့ နှစ်ဦးထဲက တဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ သူဟာ အင်္ဂလန်ရဲ့ နည်းပြရာထူး ကနေ နုတ်ထွက်ဖို့ စိတ်ကူးမရှိသေးပဲ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အင်္ဂလန်အသင်းရဲ့ တာဝန်ရှိသူတွေ ၊ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်မှာ ရှိတဲ့ တာဝန်ရှိသူတွေနဲ့ အတူတကွ အဖြေရှာသွားမယ်လို့ ပြောကြားထားပါတယ်။