မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဆားဘီးယားအသင်းကို ၅-၀ ဂိုးပြတ် အဝေးကွင်းရလဒ်နဲ့ ဂိုးပြတ်ချေမှုန်းခဲ့ပြီးနောက် အင်္ဂလန်အသင်းဟာ အနာဂတ်ပွဲစဉ်တွေအတွက် စံနှုန်းအသစ်တစ်ခုကို သတ်မှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း နည်းပြချုပ် သောမတ်စ် တူဟယ်လ်က ကြုံးဝါးပြောကြားလိုက်ပါတယ်။

ဒီပွဲစဉ်မှာ နိုနီ မာဒူကီ၊ အက်ဇရီ ကွန်ဆာနဲ့ မာ့ခ် ဂူဟီတို့ဟာ အင်္ဂလန်အသင်းအတွက် ပထမဆုံးသွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ကြသလို အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာလည်း သူ့ရဲ့ (၇၄)ဂိုးမြောက် နိုင်ငံတကာသွင်းဂိုးကို ရယူခဲ့ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်က နောက်ကျပင်နယ်တီကနေတစ်ဆင့် ပွဲကို အဆုံးသတ်ခဲ့ပါတယ်။ဆားဘီးယားအသင်းအတွက်တော့ ဒါဟာ သူတို့ရဲ့ အိမ်ကွင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံမှာ အကြီးမားဆုံး ရှုံးပွဲဖြစ်ခဲ့ပြီး နောက်ခံလူ နီကိုလာ မီလန်ကိုဗစ်ချ်က ဟယ်ရီကိန်းကို အလွန်အကျွံ ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့မှုကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit : Sky Sports

ပြီးခဲ့တဲ့ စနေနေ့က အန်ဒိုရာအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တီထွင်ဖန်တီးမှု အားနည်းတဲ့အတွက် ဝေဖန်ခံခဲ့ရတဲ့ အင်္ဂလန်အသင်းဟာ ဒီပွဲမှာတော့ ခြေစွမ်းလုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ အန်ဒိုရာနဲ့ပွဲက ကန်သွင်းမှု (၁၁)ကြိမ်ထက် နှစ်ဆကျော်များတဲ့ (၂၄)ကြိမ်အထိ ကန်သွင်းနိုင်ခဲ့သလို၊ မျှော်မှန်းဂိုး (xG) မှာလည်း (၁.၉၄)သာရှိခဲ့ရာကနေ (၄.၄၉)အထိ မြင့်တက်လာခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြ တူဟယ်လ်က “အသင်းနဲ့ ဝန်ထမ်းတွေအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ အစအဆုံး ထူးချွန်ပြောင်မြောက်တဲ့ ရက်သတ္တပတ်တစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ။ ကျွန်တော်တို့ ပြင်းအားမြင့်မြင့်နဲ့ ကစားခဲ့ကြတယ်။ ဒါဟာ အသန့်စင်ဆုံး အသင်းလိုက်ကစားဟန်ပါပဲ။ ဆားဘီးယားကို ဂိုးပေါက်တည့်မှု တစ်ကြိမ်မှတောင် မရှိအောင် ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါက နေရာစုံမှာ အပြင်းအထန် ကြိုးစားခဲ့လို့ပါ။ အရင်က စခန်းသွင်းလေ့ကျင့်မှုတွေကနေ သင်ခန်းစာယူနိုင်ခဲ့တယ်။ အခု ကစားသမားတွေကို သူတို့ရဲ့ အခန်းကဏ္ဍနဲ့ ကစားကွက်ဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်း တာဝန်ပေးခဲ့တယ်။ သူတို့ကလည်း အကောင်းဆုံး အသက်သွင်းပြသွားခဲ့ပါတယ်။ သူတို့ကိုပဲ ချီးကျူးရမှာပါ။ သူတို့ အံ့မခန်းလုပ်ပြခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ စံနှုန်းအသစ်ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဒီပွဲစဉ်မှာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ တွဲဖက်ကစားခဲ့တဲ့ လူငယ်ကစားသမား အဲလီယော့ အန်ဒါဆင်ဟာ အန်ဒိုရာနဲ့ပွဲကလိုပဲ ထပ်မံခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်နှစ်ပွဲပေါင်းရဲ့ စာရင်းဇယားတွေအရ အန်ဒါဆင်ဟာ အင်္ဂလန်ကစားသမားတွေထဲမှာ အောင်မြင်တဲ့ဘောလုံးပေးပို့မှု (၁၈၂ ကြိမ်)၊ တိုက်စစ်ဇုန်ထဲ ဘောလုံးပေးပို့မှု (၆၆ ကြိမ်)၊ ဘောလုံးပြန်လည်ရယူမှု (၂၃ ကြိမ်) နဲ့ တစ်ဦးချင်းအနိုင်ရမှု (၁၄ ကြိမ်) အပါအဝင် ကဏ္ဍတော်တော်များများမှာ အဆင့် ၁ အဖြစ် ရပ်တည်ခဲ့ပါတယ်။

သူ့ရဲ့ကွင်းလယ်အတွဲအဖက်သစ်နဲ့ ပတ်သက်ပြီး ဒီကလန်ရိုက်စ်က “သူက ဘောလုံးကစားရတာကို လွယ်ကူနေသလို ထင်ရစေတယ်။ သူ့ကလပ်မှာ (၂)နှစ်လုံးလုံး လုပ်ပြနေတဲ့အတိုင်းပါပဲ။ သူက အသင်းအတွက် အရမ်းကောင်းတဲ့ အားဖြည့်မှုတစ်ခုပါ။ ကျွန်တော်တို့မှာ ပြိုင်ဆိုင်မှုတွေ လိုအပ်ပြီး ကစားသမားတိုင်း အကောင်းဆုံးဖြစ်နေဖို့ လိုပါတယ်။” လို့ ချီးကျူးသွားခဲ့ပါတယ်။