ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးကို အိမ်ကွင်းမှာ ၁-၁ ဆိုတဲ့ သရေရလဒ်သာ ကစားနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၁-၄နဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် သူ့အသင်းရဲ့ ခြေစွမ်းပိုင်း အတွက် ကျေနပ်မိကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ပထမအကျော့ အဖြစ် အင်္ဂလန်မြေမှာ မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်ဆီ တက်ချင်ရင် အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာမှာ ကစားခဲ့ရတဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က မန်ချက်စတာ စီးတီးကို အနိမ့်ဆုံး ၃ဂိုးပြတ် အနိုင်ရဖို့ လိုအပ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ဟာ ၁-၁ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်အောင်သာ ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Bild

ဘိုင်ယန်မြူးနစ် ၁-၁ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က မန်ချက်စတာ စီးတီးဘက်ကို ပွဲစပွဲဆုံး တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပေမယ့် ကစားသမားတွေက ရလာတဲ့ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပင်နယ်တီ ကနေ ရရှိခဲ့တဲ့ ကင်းမစ်ချ်ရဲ့ သွင်းဂိုး ၁ဂိုးထဲနဲ့သာ ကျေနပ်ခဲ့ရပြီး မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးကိုတော့ အဓိက တိုက်စစ်မှူး ဟာလန်းက သွင်းယူခဲ့တာပါ။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်က သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို အနိုင် မရခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပေမယ့် အသင်းရဲ့ ခြေစွမ်းပိုင်း အတွက် ကျေနပ်အားရမိကြောင်း ဆိုလာခဲ့ပါတယ်။

Photo Credit: Bayern Munich

တူဟယ်က – “ကျွန်တော်က မန်စီးတီးနဲ့ ကစားခဲ့ရတဲ့ ၂ပွဲစလုံးမှာ အသင်းရဲ့ ခြေစွမ်းပိုင်းကို အတော်လေး အားရကျေနပ်မှု ရှိခဲ့ပါတယ်။ ကျွန်တော်တို့က လက်ရှိ ဥရောပမှာ ခြေစွမ်းအကောင်းဆုံးအသင်းလို့ ပြောရမယ့် မန်စီးတီးကို ခြေရည်တူ ယှဉ်ပြိုင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က နှစ်ကျော့စလုံးမှာ မန်စီးတီးကို ဒုက္ခပေးနိုင်ခဲ့ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

တူဟယ်ရဲ့ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပိုကယ်ပြိုင်ပွဲ နှစ်ခုစလုံးကနေ ထွက်ခွာခဲ့ရတာကြောင့် ဘွန်ဒက်လီဂါပြိုင်ပွဲ တခုထဲကိုသာ အာရုံစိုက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပြီး အကယ်၍ ဘိုင်ယန်မြူးနစ်ကသာ ဘွန်ဒက်လီဂါဖလားကို လက်လွှတ်ခဲ့ရရင် တူဟယ်ဟာ ဘိုင်ယန်နည်းပြရာထူး ကနေ ထုတ်ပယ်ခံရနိုင်ပါတယ်။