ဘိုင်ယန်မြူးနစ်အသင်းက လက်ရှိမှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွှားလျက် ရှိနေပြီး ဆုဖလားလက်မဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာဖို့ နီးစပ်လာခဲ့ပေမယ့် ဘိုင်ယန်နည်းပြ သောမတ်စ် တူဟယ်လ်ကတော့ ဒီအခြေအနေဆိုးတွေကို ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်နေသေးကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ဘိုင်ယန်က ဒီရာသီမှာ ပြည်တွင်းဆုဖလား ပိုကယ်ဖလားမှာ စောစီးစွာပဲ ပြိုင်ပွဲကနေ ထွက်ခွာထားရသလို ဂျာမန်စူပါဖလားမှာလည်း လိုက်ပ်ဇစ်ကို ဂိုးပြတ်ရှုံးရင်းနဲ့ ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ အခု ဘွန်ဒက်စ်လီဂါမှာလည်း ထိပ်ဆုံးက လေဗာကူဆင်နဲ့ (၈)မှတ်အထိတောင် ကွာဟနေတဲ့အပြင် ချန်ပီယံလိဂ်မှာလည်း လာဇီယိုကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပြန်ပါတယ်။

Photo Credit : Sky Sports

ဒီအခြေအနေက ဒီနွေမှ ခေါ်ယူထားတဲ့ ဟယ်ရီကိန်းကြောင့် ဖလားလက်မဲ့ ကျိန်စာသင့်နေတာလို့ ပြောကြပေမယ့်လည်း အသင်းနည်းပြ တူဟယ်လ်နဲ့ ရာနှုန်းပြည့် သက်ဆိုင်လို့နေပြီး အခုဆိုရင် တူဟယ်လ်ရဲ့ အနာဂတ်ကလည်း လုံးဝကို မသေချာ မရေမရာ ဖြစ်လာရပါတယ်။

တကယ်တော့ တူဟယ်လ်က ချယ်လ်ဆီး ပီအက်စ်ဂျီ ဒေါ့မွန်တို့လို အသင်းတွေမှာ နည်းပြအဖြစ် ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ထိပ်တန်းနည်းပြတစ်ဦးလည်း ဖြစ်ပေမယ့် ဘိုင်ယန်မှာတော့ အတော်လေး ရုန်းကန်နေတဲ့အပြင် လက်ရှိ သူရဲ့ ဘိုင်ယန်နည်းပြ အနာဂတ်က အာမခံချက် နည်းပါးလွန်းနေရပါတယ်။

Photo Credit : Bavarian Football Works

ဒါပေမယ့် တူဟယ်လ်ကိုယ်တိုင်ကတော့ သူ့အနေနဲ့ ဘိုင်ယန်နည်းပြအဖြစ် ဆက်လက် ရှိနေဖို့ ယုံကြည်နေတဲ့အပြင် သူက လက်ရှိ ဘိုင်ယန်အသင်း ကြုံတွေ့နေတဲ့ အခြေအနေဆိုးတွေက်ိုပါ ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်နေပါသေးတယ်။

“ကျွန်တော်ကတော့ အသင်းရဲ့ ဒီအခြေအနေတွေကို ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ ကျွန်တော်ကိုယ်တိုင်ရော ကျွန်တော်ရဲ့နည်းပြတွေအဖွဲ့ဝင်တွေမှာပါ အခိုင်အမာ ယုံကြည်ပါတယ်။ ဖိအားတိုးတယ် ဆိုတာကတော့ ရှုံးပွဲတွေ ကြုံတွေ့ရတိုင်းမှာ ဖြစ်တက်တဲ့ သဘောပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကြိုးစားနေမှုက ဘယ်တော့မှ မရပ်တန့်ပါဘူး။” လို့ တူဟယ်လ်က ပြောဆိုသွားခဲ့ပါတယ်။