ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ် တူဟယ်လ်က ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့ တောင်ပံကစားသမား ဂနာဘရီက ဂိုးသွင်းလိမ့်မယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ့်ပွဲကစားရမှာတော့ ဂနာဘရီကို ပွဲကစားချိန် မိနစ်(၈၀)မှသာ အသုံးပြုသွားခဲ့ပါတယ်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့က ဘိုင်ယန်ရဲ့အိမ်ကွင်း အလိုင်းရန့် အရီနာမှာ ကျင်းပမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပကျော့ပွဲစဉ်မတိုင်ခင် ဘိုင်ယန်နည်းပြ တူဟယ်လ်က ဂနာဘရီအနေနဲ့ ဒီပွဲမှာ သေချာပေါက် ဂိုးသွင်းယူမှာဖြစ်ကြောင်းကို ဟောကိန်းထုတ်ခဲ့ပါတယ်။

Photo Credit : Football Talk HQ

ဒါပေမယ့် တကယ်တမ်းကျတော့ တူဟယ်လ်က ဂနာဘရီကို အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာတောင် ထည့်သွင်းလာခြင်း မရှိပဲ ပွဲပြီးခါနီး (၁၀)မိနစ်ခန့်လောက် အလိုမှသာ အသုံးပြုသွားခဲ့သလို ဂနာဘရီကလည်း အဲ့ဒီပွဲချိန်လေးမှာ အသင်းအတွက် ဂိုးကန်ချက် (၁)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ရပါတယ်။

တူဟယ်လ်အနေနဲ့ ဂနာဘရီ ဂိုးသွင်းလိမ့်မယ်လို့ ပြောပြီးမှ ဂနာဘရီကို ပွွဲထွက်လူစာရင်းမှာတောင် အသုံးပြုခြင်း မရှိခဲ့သလို အခုလည်း မက်ဒရစ်မှာ ပြန်ကစားရမယ့် ဒုတိယအကျော့ပွဲမှာပါ ဂနာဘရီ ဂိုးသွင်းယူမယ်လို့ ထပ်မံ ဟောကိန်းထုတ်လာပြန်ပါတယ်။

Photo Credit : Fabrizio Romano

“အခုက ပထမအကျော့ပဲ ကစားရပါသေးတယ်။ သူက နောက်တစ်ကျော့မှာ ဂိုးသွင်းယူပါလိမ့်မယ်။ ကျွန်တော်တို့က ဘာနေဗျူးကွင်းမှာ နောက်တစ်ကျော့ ကစားရဖို့ ရှိနေသေးတာကြောင့် သူက အဲ့ဒီမှာ ဂိုးသွင်းပါလိမ့်မယ်။” တူဟယ်လ်က ဂနာဘရီ ဂိုးသွင်းမယ်ဆိုတဲ့အကြောင်း ထပ်ပြီး ပြောလာခဲ့ပြန်ပါတယ်။

မနေ့က အလိုင်းရန့် အရီနာမှာ ကျင်းပခဲ့တဲ့ ဆီမီးဖိုင်နယ် ပကျော့မှာတော့ ဧည့်သည် ရီးယဲလ်အသင်းက ဗင်နီစီယပ်စ် အဖွင့်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဆာနေး ဟယ်ရီကိန်းတို့က ဘိုင်ယန်အတွက် ဂိုးတွေ ပြန်သွင်းယူခဲ့ပြီး ဗင်နီစီယပ်စ်ကပဲ (၂)ဂိုးစီ သရေကျစေမယ့် ဂိုးကို ပင်နယ်တီကနေ တိုက်ရိုက် သွင်းယူခဲ့ပါတယ်။