ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်လ်က ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ လာဇီယို ၁-၀ ဘိုင်ယန်မြူးနစ် ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်ရဲ့ ကစားသမားတွေဟာ သူ့ကို သစ္စာဖောက်နေကြပြီလို့ အဓိပ္ပါယ် ရတဲ့ စကားတွေကို ပြောကြားသွားခဲ့ပါတယ်။

ဂျာမန်လူမျိုး ထိပ်သီးနည်းပြ သောမတ်စ် တူဟယ်လ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဘိုင်ယန်မြူးနစ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ဘွန်ဒက်လီဂါ ချန်ပီယံဖလားကို အရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Bundesliga

တူဟယ်လ်ရဲ့ ပထမဦးဆုံး ဘောလုံးရာသီက ဆုဖလား အောင်မြင်မှုနဲ့ စတင်ခဲ့ပေမယ့် ဒီရာသီမှာတော့ သူ့ရဲ့ ဘိုင်ယန်မြူးနစ်က ဖလားပြိုင်ပွဲတွေမှာ အခြေအနေ မကောင်းသလို ပြည်တွင်းမှာလည်း နောက်ဆုံး ၁၁နှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ဘွန်ဒက်လီဂါ ဆုဖလားကို လက်လွှတ်ရနိုင်တဲ့ အနေအထားဆီ ရောက်ရှိနေပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာဇီယို ၁-၀ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်က ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေကို မလုပ်နိုင်ခဲ့တာကြောင့် လာဇီယို အသင်းခေါင်းဆောင် အမ်မိုဘိုင်းလီရဲ့ တလုံးထဲသော အနိုင်ဂိုးကို ခွင့်ပြုပေးခဲ့ရကာ အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

Photo Credit: Standard

ပထမအကျော့မှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်က နောက်တဆင့်ဆီ တက်ချင်ရင် ဒုတိယအကျော့မှာ လာဇီယိုကို နှစ်ဂိုးပြတ်နဲ့ အနိုင်ယူဖို့ လိုအပ်နေပြီး ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်ကတော့ သူ့ရဲ့ ကစားသမားတွေဟာ သူ ညွှန်ကြားခဲ့တဲ့ နည်းစနစ်တွေ အတိုင်း မကစားခဲ့ကြဘူးလို့ ပြောကာ ကစားသမားတွေရဲ့ သူ့အပေါ် ထားတဲ့ ယုံကြည်မှုနဲ့ သစ္စာရှိမှုတွေကို မေးခွန်းထုတ်သွားခဲ့ပါတယ်။

တူဟယ်လ်က – “ကျွန်တော်က အလုပ်ထုတ်ခံရမှာကို မစိုးရိမ်ပါဘူး။ ကျွန်တော်ရဲ့ အနာဂတ် အတွက် စိတ်ပူနေတာမျိုးလည်း မရှိပါဘူး။ ဒီနေ့ပွဲမှာ ရှုံးပွဲ ကြုံအောင် ကျွန်တော်တို့ ကိုယ်တိုင်ပဲ လုပ်ခဲ့ကြတာပါ။ ကျွန်တော်တို့ကပဲ ပွဲရဲ့ ရလဒ်ကို ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီပွဲမှာ ကျွန်တော်တို့က ယုံကြည်မှုတွေ ပျောက်ဆုံးနေခဲ့ပါတယ်။ ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်နေသလဲ ဆိုတာ မတွေးတတ်တော့ပါဘူး။ ဒီနေ့ပွဲမှာ တဦးချင်း အမှားတွေ အများကြီး မြင်ခဲ့ရပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။