ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်မှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ဟော့ဖန်ဟိမ်းကို အိမ်ကွင်း သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုကို မေးခွန်းထုတ် ဝေဖန်သွားခဲ့ပါတယ်။

ဂျာမန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ တူဟယ်က မကြာသေးမီကမှ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ်ရာထူးကို ရယူခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ဘိုင်ယန်မြူးနစ်က ကစားပုံ အနည်းငယ် ပိုကောင်းလာခဲ့ပေမယ့် ရလဒ်တွေ ဆိုးဝါးနေပြီး ဂျာမန် ပိုကယ်ဖလားပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပထမအကျော့မှာလည်း မန်ချက်စတာ စီးတီးကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။

Photo Credit: Bundesliga

ဒါကြောင့် ဘိုင်ယန်မြူးနစ်က ယုံကြည်မှု ပြန်တက်လာဖို့ နိုင်ပွဲတွေ လိုအပ်နေပေမယ့် ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်(၂၈)မှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဟော့ဖန်ဟိမ်းကို အိမ်ကွင်းဖြစ်တဲ့ အလိုင်းယန့်ဇ် အရီနာမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် နိုင်ပွဲရအောင် မလုပ်နိုင်ခဲ့ပဲ တဖက် တဂိုးစီနဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် ၁-၁ ဟော့ဖန်ဟိမ်း ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်က ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုကို မေးခွန်းထုတ် ဝေဖန်သွားခဲ့ပြီး ကစားသမားတွေဟာ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားသလိုမျိုး ကွင်းထဲမှာပါ ကြိုးစားပြဖို့ လိုအပ်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။

Photo Credit: DW Sports

တူဟယ်က – “ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းက လုံလောက်တဲ့ အမြန်နှုန်းတွေ မရှိခဲ့ပါဘူး။ ပွဲကို အရှိန်တင် ကစားခဲ့တာလည်း အတော်လေးကို နည်းပါတယ်။ ပြီးတော့ အမှားတွေလည်း လုပ်မိခဲ့ပါတယ်။ ကျွန်တော်တို့က ခံစစ်ပိုင်းကို သေချာ အာရုံမစိုက်ခဲ့ကြဘူး။ ကျွန်တော်တို့ ကစားသမားတွေက ခံစစ်ကြောင်းကို ဂရုမစိုက်ခဲ့ပါဘူး။ ကစားသမားတွေရဲ့ ကစားပုံက ဘိုင်ယန်မြူးနစ်လို အသင်းမျိုး အတွက် လုံလောက်မှု မရှိပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲအတွက် အတော်လေး စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့က ဒီထက် အများကြီး ပိုတိုးတက်ဖို့ လိုပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေက လေ့ကျင့်ရေးကွင်းမှာ အားသွန်ခွန်စိုက် ကစားခဲ့ကြပေမယ့် ကွင်းထဲမှာတော့ အဲ့ဒီလို မကစားနိုင်ခဲ့ကြပါဘူး။ ဒီအချက်က အတော်လေးကို ထူးဆန်းပါတယ်။ ကျွန်တော်တို့က ဒီထက် အများကြီး ပိုတိုးတက်ဖို့ လိုပါသေးတယ်” လို့ ကစားသမားတွေကို ဆူငေါက်သွားခဲ့တာပဲ ဖြစ်ပါတယ်။