ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် သောမတ်စ် တူဟယ်လ်က ယနေ့ညမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း ဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ချီးကျူးသွားခဲ့ပါတယ်။

တူဟယ်လ် ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်တို့က ယနေ့ည (ဗုဒ္ဓဟူးနေ့မနက်) ၁နာရီခွဲ အချိန်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပါတယ်။

Photo Credit: Bild

ဒီနေ့ညမှာ အာဆင်နယ်က ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေသလို ဥရောပဘောလုံးအဖွဲ့ချုပ်က ဘိုင်ယန်မြူးနစ်ရဲ့ ပရိသတ်တွေကို ၁ပွဲပယ် ပြစ်ဒဏ် ချမှတ်ထားတာကြောင့် အမ်းမရိတ်ကွင်းထဲမှာ အာဆင်နယ်ပရိသတ်တွေကိုသာ ကွင်းလုံးပြည့် မြင်တွေ့ရဖို့ ရှိနေပါတယ်။

အဝေးကွင်းမှာ ကိုယ့်ရဲ့ ပရိသတ် မပါပဲ ကစားရဖို့ ရှိနေသလို လက်ရှိ အာဆင်နယ်ရဲ့ ခြေစွမ်းပိုင်းက ဘိုင်ယန်မြူးနစ်ထက် များစွာ သာလွန်နေတာကြောင့် ဂျာမန်ဘီလူးဟာ အဝေးကွင်းမှာ ရှုံးပွဲ မတွေ့အောင်အောင် ခက်ခက်ခဲခဲ ရုန်းကန် ကစားရဖို့ ရှိနေပြီး ဘောလုံးရေးရာ သုံးသပ်သူ အများစုကတော့ အိမ်ရှင် အာဆင်နယ်က ဘိုင်ယန်မြူးနစ်ကို ဂိုးမိုးရွာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Photo Credit: Standard

ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်လ်ကလည်း အာဆင်နယ်ရဲ့ ခြေစွမ်းကောင်းတွေကို အသိအမှတ် ပြုခဲ့သလို အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း ဖြစ်တာကြောင့် သူတို့အသင်းက အာဆင်နယ်ကို ခက်ခက်ခဲခဲ ကစားရလိမ့်မယ်လို့ ဆိုလာပါတယ်။

တူဟယ်လ်က – “အာဆင်နယ်က လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းပါ။ အချက်အလက်တွေက အဲ့ဒါကို သက်သေပြထားပါတယ်။ အာဆင်နယ်ရဲ့ လက်ရှိ စွမ်းဆောင်ရည်ကလည်း အကောင်းဆုံး အနေအထားမှာ ရှိပါတယ်။ အာဆင်နယ်က အသင်းလိုက် စုစည်းမှုကောင်းကောင်းနဲ့ ကစားတတ်ပါတယ်။ ပြီးတော့ သူတို့အသင်းရဲ့ တည်ကန်ဘော စွမ်းဆောင်ရည်က လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်းလို့လည်း ပြောလို့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ခြေစွမ်းပိုင်းက သူတို့ထက် နည်းနည်းလေး နိမ့်ပါးနေပါတယ်။ အာဆင်နယ်က အရမ်းကောင်းတဲ့ ခြေစွမ်းနဲ့ ကစားနေတာ ၂နှစ်ဆက်တိုက် ရှိနေပါပြီ။ သူတို့က တွန်းတွန်းတိုက်တိုက် ကစားလေ့လည်း ရှိပါတယ်။ ကျွန်တော်ကတော့ အာတီတာရဲ့ လက်အောက်မှာ အာဆင်နယ်ဟာ တိုးတက် ပြောင်းလဲလာတယ်လို့ မြင်ပါတယ်” ဆိုပြီး အာဆင်နယ်ကို ချီးကျူးသွားခဲ့တာပါ။