ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်လ်က သူတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ဆီ တက်ရောက်ထားနိုင်ပေမယ့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အုပ်စုနောက်ဆုံးပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို အလျှော့ပေးပြီး ကန်သွားမှာ မဟုတ်ဘူးလို့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တူဟယ်လ်ရဲ့ ဘိုင်ယန်မြူးနစ်က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ မန်ချက်စတာ ယူနိုက်တက် ၊ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပေမယ့် အုပ်စုပွဲ ၅ပွဲ အပြီးမှာပဲ ဘိုင်ယန်မြူးနစ်ဟာ ရမှတ် ၁၃မှတ် အထိ စုဆောင်းနိုင်ခဲ့တာကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်နိုင်ခဲ့ပါတယ်။

Photo Credit: Metro

တဖက်မှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ အုပ်စုတွင်း ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ဂါလာတာစာရေးနဲ့ ကိုပင်ဟေဂင်တို့ သုံးသင်းစလုံးက ရှုံးထွက်အဆင့်ဆီ တက်နိုင်မယ့် လက်ကျန် ၁နေရာစာ အတွက် အုပ်စုနောက်ဆုံးပွဲမှာ ရလဒ်ကောင်းတွေ ရယူဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲမှာတော့ ဘိုင်ယန်မြူးနစ်က မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး တဖက်မှာ ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးတို့က ကိုပင်ဟေဂင်ရဲ့ အိမ်ကွင်းမှာ အုပ်စုဒုတိယလုပွဲကို ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

Photo Credit: Sky Sports

လက်ရှိအခြေအနေအရ မန်ချက်စတာ ယူနိုက်တက်က အုပ်စုနောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့ရင်တောင် အုပ်စုတက်ဖို့ မသေချာသေးပဲ ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်ကတော့ သူတို့အသင်းဟာ အုပ်စုတက်သွားပြီ ဖြစ်ပေမယ့် အုပ်စုနောက်ဆုံးပွဲမှာ ယူနိုက်တက်ကို အလျှော့ပေးပြီး ကန်သွားမှာ မဟုတ်ပဲ နိုင်ပွဲ ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

တူဟယ်လ်က – “လူတွေက ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ ပွဲမှာ ကြိုးကြိုးစားစား မကစားခဲ့ဘူးလို့ ထင်နေကြမယ် ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျားက ယူနိုက်တက် ၊ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းကြီးတွေမှာ ကစားနေရင် နေ့တိုင်းမှာ ၁၀၀ ရာခိုင်နှုန်း ကြိုးစား အားထုတ်နေရပါမယ်။ ဘိုင်ယန်မြူးနစ်ရဲ့ ဂျာစီကို ဝတ်လိုက်တဲ့ လူတိုင်းက ချန်ပီယံအသင်းလို ကစားပြရပါမယ်။ ကျွန်တော်တို့က ပွဲတိုင်းမှာ ရလဒ်ကောင်း ရဖို့ မျှော်လင့်ထားတာပါ။ ယူနိုက်တက်က ရှုံးထွက်အဆင့်ဆီ တက်နိုင်ဖို့ အစွမ်းကုန် ရုန်းကန် ကစားမှာ ဖြစ်လို့ ကျွန်တော်တို့က ဖိအားတွေနဲ့ ကစားရမယ် ဆိုတာ နားလည်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ထိပ်တန်း စွမ်းဆောင်ရည်မျိုး ပြသနိုင်အောင် ကြိုးစားသွားမှာပါ။ ကျွန်တော်ကတော့ ကစားသမားတွေဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နိုင်ပွဲဆာလောင်တဲ့ စိတ်ဓာတ်နဲ့ ရုန်းကန်လာမယ့် ကစားအားကို ယှဉ်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ယူနိုက်တက်က အန္တရာယ် ရှိတဲ့ အသင်းပါ။ သူတို့မှာ တခြားအသင်းတွေနဲ့ မတူတဲ့ အရှိန်အဝါလည်း ရှိပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေကို အကောင်းဆုံး ဖြတ်ကျော်တတ်တဲ့ DNAကလည်း သူတို့အသင်းမှာ စီးဆင်းနေပါတယ်။ ဒါကြောင့် ဒီပွဲက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။