ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲတော့မယ့် ဂျာမန်နည်းပြ သောမတ်စ် တူဟယ်လ်က မကြာခင်မှာ နည်းပြအပြောင်းအလဲ လုပ်တော့မယ်လို့ သတင်းကြီးနေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၅၀ အရွယ် ဂျာမဏီလူမျိုး ထိပ်သီးနည်းပြ သောမတ်စ် တူဟယ်လ်က ၂၀၂၃ခုနှစ် ၊ မတ်လကမှ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ်ရာထူးကို ရယူခဲ့သူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သူ့ကို ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့ပေမယ့် တူဟယ်လ်ကတော့ သူ့အပေါ် ပေးထားတဲ့ ယုံကြည်မှုတွေနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့ပါဘူး။

Photo Credit: Goal

တူဟယ်လ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ဘွန်ဒက်လီဂါ ဆုဖလား ရယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာ သူ့ရဲ့အသင်းက အတော်လေးကို အခြေအနေ ဆိုးနေပြီး ဂျာမန် စူပါဖလားနဲ့ ဂျာမန် ပိုကယ်ဖလားတို့ကို လက်လွှတ် ဆုံးရှုံးထားရသလို ဘွန်ဒက်လီဂါပြိုင်ပွဲမှာလည်း အဆင့်(၁) လေဗာကူဆင်နဲ့ ရမှတ် ၁၀မှတ် အထိ ကွာဟနေပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ ဘုတ်အဖွဲ့က တူဟယ်လ်နဲ့ ရာသီကုန်မှာ လမ်းခွဲဖို့ အတွက် ဆုံးဖြတ်ချက် ချလိုက်ပြီး တူဟယ်လ်ကလည်း ဖိအားများလွန်းတဲ့ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာကာ သူ အောင်မြင်ခဲ့တဲ့ ပရီးမီးယားလိဂ်ရပ်ဝန်းဆီ ပြန်သွားချင်နေပါတယ်။

 

 

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျာကော့ဘ် စတိန်းဘက်ချ်ရဲ့ ဖော်ပြချက်အရ တူဟယ်လ်က အင်္ဂလန်နိုင်ငံမှာ လုံလောက်တဲ့ အောင်မြင်မှုတွေ မရခဲ့ဘူးလို့ ယုံကြည်နေတာကြောင့် နည်းပြအပြောင်းအလဲ လုပ်တော့မယ်လို့ သတင်းကြီးနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ကလည်း သူတို့ရဲ့ နည်းပြလောင်းစာရင်းထဲမှာ တူဟယ်လ်ကို ထည့်သွင်းထားကြောင်း သိရှိရပါတယ်။

သောမတ်စ် တူဟယ်လ်က ချယ်လ်ဆီးကို ကိုင်တွယ်ခဲ့စဉ်မှာ ချန်ပီယံလိဂ်ဖလား ၊ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့လို အထင်ကရ ဆုဖလားတွေကို ရယူပေးနိုင်ခဲ့ပေမယ့် အင်္ဂလန် ပြည်တွင်းဖလားတွေ ဖြစ်တဲ့ ကာရာဘောင်းဖလား ၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတွေကို မရခဲ့တာကြောင့် အင်္ဂလန်မြေရဲ့ ပြည်တွင်းဖလားတွေကို သိမ်းပိုက်ဖို့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေတာပါ။