ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်လ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ခံစစ် အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ကတ်စ်မဲရိုးကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

တူဟယ်လ်ရဲ့ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပေမယ့် ကွင်းလယ်ပိုင်းမှာ အတော်လေး အားနည်းနေပြီး ဘိုင်ယန်မြူးနစ်ဟာ ဂေါ်ရက်ဇ်ကာ ၊ ကင်းမစ်ချ် ၊ ဂရာဗန်ဘက် ၊ မူစီအာလာ စတဲ့ ကွင်းလယ်လူ ၄ဦးကိုသာ ပိုင်ဆိုင်ထားကာ အဆိုပါ ၄ဦးထဲမှာ ကွင်းလယ်ခံစစ် ကစားသမား တဦးမှ မပါဝင်ပါဘူး။

Photo Credit: Goal

ဒါကြောင့်ပဲ သောမတ်စ် တူဟယ်လ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကွင်းလယ်ခံစစ် ကစားသမား တဦးကို အသင်းဆီ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပြီး တူဟယ်လ်ဟာ ကွင်းလယ်ခံစစ် ကစားသမား တဦး လိုချင်တဲ့ အကြောင်းကို ဘိုင်ယန်မြူးနစ်ရဲ့ ဘုတ်အဖွဲ့ဆီလည်း တင်ပြထားပါတယ်။

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Kickerရဲ့ ဖော်ပြချက်အရ တူဟယ်လ်က အသက်အရွယ်အရရော ၊ ခြေစွမ်းအရပါ အကောင်းဆုံး အနေအထား တရပ်ကို ရောက်ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးကို သူ့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ကတ်စ်မဲရိုး တယောက် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာအောင် စည်းရုံးမှုတွေ လုပ်ဆောင်ဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Sports Max

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ယခုနှစ် ဘောလုံးရာသီ အစကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပြီး သူဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ဘရူနို ဖာနန်ဒက် ၊ အဲရစ်ဆင်တို့နဲ့ အတွဲညီကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ ဘိုင်ယန်မြူးနစ်ကသာ ကတ်စ်မဲရိုးကို ယူရို ၈၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းလာမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ဟာ ကတ်စ်မဲရိုးကို ရောင်းချကာ ကတ်စ်မဲရိုးရဲ့ နေရာအတွက် ဘရိုက်တန် ကွင်းလယ်ခံစစ် ကစားသမား ကိုင်စီဒိုကို ပြန်ခေါ်လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။