ဘိုင်ယန်မြူးနစ်အသင်း နည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ်က ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး ယူနိုက်တက်ရဲ့ ပြသာနာတွေ အကြောင်းကို ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ဘိုင်ယန်အသင်းဟာ ယူနိုက်တက် ဂါလာတာစာရေး ကိုပင်ဟေဂင်တို့နဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာ တစ်အုပ်စုတည်း အတူကျရောက်နေခဲ့တာဖြစ်ပြီး အခု အုပ်စုပွဲတွေ ပြီးဆုံးချိန်မှာ ဘိုင်ယန်က အုပ်စုဗိုလ် ကိုပင်ဟေဂင်က အုပ်စုဒုတိယ ဂါလာတာက ယူရိုပါလိဂ်ရောက်ပြီး ယူနိုက်တက်ကတော့ အုပ်စုနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

Photo Credit : TNT Sports X

ယူနိုက်တက်က ဒီရာသီ ချန်ပီယံလိဂ်မှာ နိုင်ပွဲတစ်ပွဲ သရေပွဲတစ်ပွဲ ကျန်တဲ့ (၄)ပွဲလုံး ရှုံးပွဲတွေ့ခဲ့ရပြီး ပေးဂိုးကလည်း (၁၅)ဂိုးအထိတောင် ရှိခဲ့ရပါတယ်။ ညက ပွဲစဉ်မှာလည်း ဘိုင်ယန်ကို အရေးနိမ့်ခဲ့ပြန်လို့ ယူရိုပါလိဂ်ဝင်ခွင့်တောင် မရနိုင်တော့ပဲ အုပ်စုအောက်ဆုံး နေရာနဲ့ပဲ အဆုံးသတ်လိုက်ရပါတယ်။

ယူနိုက်တက်အသင်း ကြုံတွေ့နေရတဲ့ ပြသာနာတွေနဲ့ ပတ်သက်ပြီး ဘိုင်ယန်နည်းပြ တူဟယ်လ်က “တန်ဟက်ဂ်က အသင်းအတွက် အဆုံးအဖြတ်ခံယူရမယ့် ပွဲတွေမှာ သူရဲ့ အဓိက ကစားသမားတွေကို ဒဏ်ရာ ပြသာနာတွေကြောင့်နဲ့ ဆုံးရှုံးနေရပါတယ်။ ဒီလို အခြေအနေမှာ သူတို့အသင်းရဲ့ ပင်ကိုယ်ဟန်တွေ အရည်အသွေးတွေ ကင်းမဲ့နေတာကို သင်တို့လည်း မြင်တွေ့နိုင်တယ်။”

Photo Credit : Bavarian Football Works

“ပြီးတော့လည်း ပွဲအတွင်း ကစားသမား အပြောင်းအလဲ လုပ်ဖို့အတွက် အရန်စာရင်းမှာတောင် ကစားသမား အလုံအလောက် ရှိမနေဘူး။ ဒါကို သင်တို့လည်း မြင်တွေ့နိုင်ပါတယ်။ ဒါက လွယ်ကူတဲ့ အခြေအနေတစ်ခု မဟုတ်ဘူးဆိုပေမယ့်လည်း တန်ဟက်ဂ်အနေနဲ့ သူဘာဆက်လုပ်ရမလဲဆိုတာ သူသိနေပါတယ်။”

“သူ့အသင်းအပေါ် ဘယ်လို လွှမ်းမိုးရမလဲဆိုတာ သူသိနေတယ်။ ဒါကို ကျွန်တော်က သွားပြီး အကြံပေးနေစရာတောင် မလိုပါဘူး။ သူရဲ့အတွေ့အကြုံနဲ့ အသင်းကို အကောင်းဆုံး ပြန်လည် တည်ဆောက်သွားပါလိမ့်မယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။