ဘိုင်ယန်မြူးနစ်အသင်းနည်းပြ သောမတ်စ် တူဟယ်လ်ကတော့ ဒေါ့မွန်အသင်းကို အိမ်ကွင်း အလိုင်းရန့် အရီနာမှာ (၂)ဂိုးပြတ်နဲ့ အရှုံးပေးလိုက်ရပြီးနောက် ဘွန်ဒက်စ်လီဂါ အမှတ်ပေး ချန်ပီယံလုပွဲက အဆုံးသတ်သွားခဲ့ရပြီလို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒေါ့မွန်အသင်းကို ၂၀၁၉ခုနှစ် နောက်ပိုင်းကတည်းက (၁၁)ကြိမ်ဆက်တိုက်အထိ လုံးဝ ရှုံးပွဲမရှိခဲ့ပေမယ့်လည်း မနေ့ညက ပွဲစဉ်မှာတော့ ဂိုးတောင် သွင်းယူနိုင်ခြင်းပင် မရှိခဲ့ပဲ (0-2) ဆိုတဲ့ ရလဒ်ဆိုးမျိုးနဲ့ပါ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit : France 24

ဒီရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်ဟာ အမှတ်ပေးဇယား ထိပ်ဆုံးက လေဗာကူဆင်အသင်းနဲ့ စုစုပေါင်း ရမှတ်က (၁၃)မှတ်အထိတောင် ကွာဟသွားခဲ့ရပြီ ဖြစ်သွားသလို အခုဆိုရင် ဘိုင်ယန်က လေဗာကူဆင်ကို အမီလိုက်ဖို့ မဖြစ်နိုင်တော့ပဲ အဆင့်(၂)နေရာကို မြဲအောင်သာ ဆက်လက် လုပ်ဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။

တစ်ဖက်က လေဗာကူဆင်ကတော့ ဟော်ဖန်ဟင်မ်ကို တစ်ဂိုးတည်းနဲ့ အရေးနိမ့်ခဲ့ရာကနေ ပွဲပြီးခါနီးမှ ချေပဂိုး သွင်းယူပြီး နာကျင်အချိန်ပိုမှာပဲ Comeback အနိုင်ဂိုးကို ဆက်လက် သွင်းယူရင်း အဖိုးတန်နိုင်ပွဲကို ပိုင်ဆိုင်လိုက်ရပြီး ဘိုင်ယန်ကတော့ အိမ်ကွင်းမှာ ငယ်နိုင်လို ဖြစ်နေတဲ့ ဒေါ့မွန်ကိုပါ အရှုံးပေးခဲ့ရပါတယ်။

Photo Credit : Transfery

ဒီရှုံးပွဲအပြီးမှာတော့ ဘိုင်ယန်နည်းပြ တူဟယ်လ်က “လေဗာကူဆင်အသင်းအတွက် ဂုဏ်ယူပါတယ်။ ချန်ပီယံလုပွဲကတော့ ပြီးဆုံးသွားခဲ့ရပါပြီ။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။ တူဟယ်လ်ဟာ မနှစ်က ရာသီကုန်ခါနီးမှ ဘိုင်ယန်ဆီ ရောက်လာခဲ့ရင်း ရာသီပိတ်ချိန်အထိ အသည်းအသန် ယှဉ်ပြိုင်ပြီးမှ အမှတ်ပေးဖလားကို ပိုင်ဆိုင်ခဲ့ရပေမယ့် ဒီရာသီမှာတော့ အမှတ်အပြတ်အသတ်နဲ့ ဘွန်ဒက်စ်လီဂါဖလားကို လက်လွတ်သွားရတော့မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဘိုင်ယန်ဟာ ဂျာမန် ဘောလုံးလောကမှာ သူ့တစ်သင်းတည်း (၁၁)နှစ်ဆက်တိုက် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို စဉ်ဆက်မပြတ် ရယူထားရင်း လွှမ်းမိုးထားမှုကိုပါ အဆုံးသတ်ခဲ့ရပြီး တစ်ခါမှ ဘွန်ဒက်စ်လီဂါ ချန်ပီယံ မဖြစ်ဖူးတဲ့ လေဗာကူဆင်ကို ချန်ပီယံဆု လွှဲပြောင်းပေးသွားရတော့မှာပဲ ဖြစ်ပါတယ်။