အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းအနေနဲ့ အသက်(၄၀)အရွယ်မှာတောင် ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်းထားနိုင်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ခြေရာကို လိုက်နင်းဖို့ ခက်ခဲပါလိမ့်မယ်လို့ အင်္ဂလန်နည်းပြ သောမတ်စ် တူဟယ်လ်က သတိပေးစကား ပြောကြားလိုက်ပါတယ်။
လာမယ့် ဇူလိုင်လမှာ အသက်(၃၂)နှစ်ပြည့်မယ့် အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့ရဲ့ကစားသမားဘဝကို တတ်နိုင်သမျှ ရှည်ကြာအောင် ဆက်လက် ကစားသွားလိုကြောင်း ပြောကြားထားပါတယ်။ ဒီပြောစကားဟာ Ballon d’Or (၅)ဆုရှင် ရော်နယ်လ်ဒိုရဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းလိုတဲ့ အရိပ်အမြွက်တစ်ခုအဖြစ် အများက ယူဆနေကြပါတယ်။
Photo Credit : Goal
ရော်နယ်လ်ဒိုဟာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်နာဆာမှာ စာချုပ်သက်တမ်းတိုးဖို့ အသင့်ဖြစ်နေပြီး ကလပ်အဆင့်မှာ ရွှေဖိနပ်ဆုတွေ ဆက်တိုက်ဆွတ်ခူးနေသလို ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ Nations League ဖလားကို မကြာသေးမီက ဆွတ်ခူးအောင်မြင်ထားသူ ဖြစ်ပါတယ်။ ဟယ်ရီကိန်း ကိုယ်တိုင်ကလည်း ခြေစွမ်းကျဆင်းမယ့်ပုံ မမြင်ရသေးပါဘူး။ အန်ဒိုရာကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သူ့ရဲ့ကစားသမားဘဝ (၄၅၀)ဂိုးမြောက် သွင်းဂိုးကို သွင်းယူပြထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တူဟယ်လ်က ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းအပါအဝင် တခြားကစားသမား အများစုအတွက် ရော်နယ်လ်ဒိုလို စံချိန်ချိုးခြေစွမ်းတွေနဲ့ ကြံ့ခိုင်မှုကို နှစ်ရှည်လများ ထိန်းသိမ်းထားဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ တူဟယ်လ်က သတင်းထောက်တွေကို “ဒီနေ့ခေတ်ဘောလုံးလောကမှာ ဒီလိုလုပ်ဖို့က ပိုပိုပြီး ခက်ခဲလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခရစ္စတီယာနိုက သူ့ရဲ့ခြေစွမ်းကို ထိန်းထားနိုင်ဖို့အတွက် သူအရင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ဒါမှမဟုတ် စပိန်လိဂ်တွေလောက် ပြိုင်ဆိုင်မှုမပြင်းထန်တဲ့ လိဂ်တစ်ခုကို ပြောင်းရွှေ့ခဲ့တာကလည်း အရေးပါတဲ့ ခြေလှမ်းတစ်ခုပါ။ ကျွန်တော်ထင်တာကတော့ သူက စည်းမျဉ်းတွေရဲ့ ခြွင်းချက်တစ်ခုအဖြစ် အမြဲရှိနေသူပါ။ ခရစ္စတီယာနို ရော်နယ်ဒိုကိုကြည့်ပြီး အခုခေတ်မှာ လူတိုင်း အသက်(၃၉)(၄၀) အထိ ကစားနိုင်လိမ့်မယ်လို့တော့ ကျွန်တော်တို့ တွေးလို့မရပါဘူး။”
Photo Credit : The Independent
“ဒါက အလွန်ကို အားထုတ်ရမယ့် ကိစ္စပါ။ ဒီနေ့ခေတ်ဘောလုံးမှာ ပရော်ဖက်ရှင်နယ်ပီသမှုဆိုတာ မရှိမဖြစ်လိုအပ်ပြီး ဒါမရှိရင် အခွင့်အရေးရမှာမဟုတ်ပါဘူး။ ဟယ်ရီကိန်းမှာတော့ ဂိုးသွင်းနိုင်တဲ့ မွေးရာပါအရည်အသွေး ရှိပါတယ်။ သူက အန်ဒိုရာနဲ့ပွဲမှာ ဂိုး(၄၅၀)မြောက်ကို သွင်းခဲ့တယ်။ ဒါဟာ အဆုံးအဖြတ်ပေးနိုင်ပြီး အလွန်အရေးကြီးတဲ့ ဂိုးတစ်ဂိုးပါ။ လောလောဆယ်မှာတော့ သူ ထိပ်တန်းအဆင့်မှာ မကစားနိုင်တော့ဘူးဆိုတဲ့ လက္ခဏာမျိုး မရှိသေးပါဘူး။ ဘယ်လောက်ကြာကြာ ကစားနိုင်မလဲဆိုတာကိုတော့ ကျွန်တော့်မှာ ဗေဒင်ဟောတဲ့ မှန်လုံးမရှိပါဘူး၊ စောင့်ကြည့်ရမှာပေါ့။ သူက ဘောလုံးကို စိုးမိုးကစားတဲ့ ကလပ်အသင်းမျိုးမှာ ရှိနေတာကလည်း သူ့အတွက် အံကိုက်ဖြစ်စေနိုင်ပါတယ်။” လို့ တူဟယ်လ်က ဆိုပါတယ်။
“ကမ္ဘာ့ဖလားအထိ ရှေ့အလားအလာကို ကြည့်ရရင် ဒါဟာ သူ့အတွက် အရေးအကြီးဆုံးနှစ်တစ်နှစ်ဆိုတာ သူသိပါတယ်။ ကြံ့ခိုင်မှုပိုင်းအရရော ပူပြင်းစိုစွတ်တဲ့ ရာသီဥတုအောက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ အသင့်ဖြစ်နေရေးမှာပါ အရေးကြီးပါတယ်။” လို့ တူဟယ်လ်က ထပ်လောင်းပြောပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့်နွေရာသီ မြောက်အမေရိကမှာ ကြုံတွေ့ရနိုင်တဲ့ ခက်ခဲတဲ့အခြေအနေတွေအတွက် ကစားသမားတွေကို အပူပေးတဲတွေထဲမှာ လေ့ကျင့်စေပြီး အထူးဆေးပြားတွေနဲ့ သူတို့ရဲ့စွမ်းဆောင်ရည်ကို စောင့်ကြည့်ကာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။