အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ပ်က သူဟာ အားကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ဘောင်းဘီတိုနဲ့ဆို အရမ်းကြည့်ကောင်းတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ကစားကောင်း ကစားနိုင်ကြောင်း ဟာသနှော ပြောကြားလိုက်ပါတယ်။
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့အတူ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ထရန့်ပ်က လာမယ့်နွေရာသီမှာ အမေရိကန်မြေပေါ်ကို ရောက်ရှိလာတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ သူကိုယ်တိုင် ပါဝင်ကစားမယ့်အကြောင်း အရွှန်းဖောက် ပြောခဲ့တာ ဖြစ်ပါတယ်။
Photo Credit : BBC
“ကျွန်တော် ဝင်ကစားကောင်း ကစားနိုင်တယ်။” လို့ ထရန့်ပ်က အပြုံးနဲ့အတူ ပြောခဲ့ပါတယ်။ “ဘောလုံးသမားတွေ ရနေတဲ့ ပိုက်ဆံတွေကို ကျွန်တော်မြင်နေရတယ်လေ။ ကျွန်တော်လည်း ကြိုးစားပြီး ဝင်ကစားကြည့်ကောင်း ကစားကြည့်ရမှာပဲ။ ကျွန်တော်က အားကစားသမားကောင်းတစ်ယောက်ပါ။” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ထရန့်ပ်က သူ့ရဲ့သားဖြစ်သူ ဘာရွန်အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး ဘာရွန်ဟာ ထူးချွန်တဲ့ ဘောလုံးအရည်အချင်းရှိသူဖြစ်သလို အရပ်အမောင်းကလည်း ထူးထူးခြားခြား ရှည်လျားကြောင်း ပြောခဲ့ပါတယ်။ “ကျွန်တော့်သားက အားကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ဘောလုံးလည်း ကောင်းကောင်းကစားနိုင်ပါတယ်။ ဘောလုံးသမားတစ်ယောက်အတွက်တော့ အရပ်တော်တော်ရှည်တဲ့ဘက် ပါတာပေါ့။ သူက ၆ ပေ ၉ လက်မ ရှိတယ်။ တော်တော်ရှည်တယ် မဟုတ်လား။” လို့ မေးမြန်းခဲ့ရာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ရယ်မောရင်း “တော်တော်ရှည်တာပေါ့။ ဒါပေမဲ့ ကောင်းပါတယ်။” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Photo Credit : Times Now
ဒါပေမဲ့ ထရန့်ပ်ရဲ့ ဟာသတွေက အဲ့ဒီမှာ မရပ်တန့်ခဲ့ပါဘူး။ “ကျွန်တော် ဘောလုံးဘောင်းဘီတို ဝတ်ပြီးတော့ ကွင်းထဲဝင်ကစားလိုက်ရင်လည်း ကစားလိုက်မှာ။ ကျွန်တော်က ဘောင်းဘီတိုနဲ့ဆို အရမ်းကြည့်ကောင်းတယ်လေ။” လို့ သူက ထပ်မံနောက်ပြောင်ခဲ့တာကြောင့် ပရိသတ်တွေကြား ရယ်သံတွေ ထပ်မံညံသွားခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန် မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ပူးတွဲကျင်းပသွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလမှာတော့ ပြိုင်ပွဲရဲ့ အုပ်စုမဲခွဲပွဲကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ထရန့်ပ်အနေနဲ့ လာမယ့်နွေရာသီမှာ အမေရိကန်အသင်းအတွက် တကယ်တမ်း ကွင်းထဲဝင်ကစားမှာ မဟုတ်ပေမယ့် ပြိုင်ပွဲမှာ အဓိကနေရာကနေ ပါဝင်လာနိုင်ခြေတော့ ရှိနေပါတယ်။ ပြီးခဲ့တဲ့လက MetLife ကွင်းကြီးမှာ ပီအက်စ်ဂျီကို အနိုင်ယူပြီး ချယ်လ်ဆီးအသင်း ကလပ်ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့စဉ်က ထရန့်ပ်ဟာ ဆုပေးပွဲစင်မြင့်ပေါ်မှာ အသင်းနဲ့အတူ ရှိနေခဲ့တာကို အားလုံးမြင်တွေ့ခဲ့ရပါတယ်။