ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ထရော့ဆက်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖူလ်ဟမ် ၀-၃ အာဆင်နယ် ပွဲအပြီးမှာ သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရအောင် ယူနိုင်ဖို့ အတွက် လက်ကျန် ပရီးမီးယားလိဂ်ပွဲ ၁၁ပွဲစလုံးကို ဖိုင်နယ်တွေလို သဘောထားကာ ကစားသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ပရိသတ် အားပေးမှု အများဆုံး အသင်းတွေထဲက တသင်း ဖြစ်တဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို မရတာ ဆယ်စုနှစ် ၂စု နီးပါး ရှိနေပြီ ဖြစ်ကာ ယခုနှစ်မှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ နီးစပ်နေပြီး ပွဲစဉ် ၂၇ အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: Telegraph

ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်က သူတို့အသင်းရဲ့ ချန်ပီယံစိတ်ဓာတ် ၊ ချန်ပီယံခြေစွမ်းကို ပြသနိုင်ခဲ့ပြီး အာဆင်နယ်ဟာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ပွဲစပွဲဆုံး ခြေစွမ်း အသာစီးနဲ့ ကစားသွားနိုင်ခဲ့သလို ထရော့ဆက်ကလည်း အာဆင်နယ်ရဲ့ အနိုင်ဂိုး ၃ဂိုးစလုံးကို ဖန်တီးပေးကာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဖူလ်ဟမ် ၀-၃ အာဆင်နယ် ပွဲစဉ်မှာ အာဆင်နယ် အတွက် အနိုင်ဂိုးတွေကို နောက်ခံလူ ဂါဘရီရယ် ၊ တောင်ပံကစားသမား မာတီနယ်လီနဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ ထရော့ဆက်က သူတို့အသင်းဟာ လက်ကျန် ပွဲတိုင်းကို ဖိုင်နယ်ပွဲတွေလို ကစားသွားဖို့ ဆုံးဖြတ်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: Telegraph

ထရော့ဆက်က – “ကျွန်တော်တို့ အတွက် လက်ကျန်ပွဲ ၁၁ပွဲစလုံးက ဖိုင်နယ်တွေပါပဲ။ ကျွန်တော်တို့က တပွဲချင်းစီ အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားသွားမယ်။ ကျွန်တော်တို့တွေက ပြီးခဲ့တဲ့ တပတ်မှာ နိုင်ပွဲ ရအောင် အနောက်ကနေ ခက်ခက်ခဲခဲ လိုက်ကစားခဲ့ရပေမယ့် ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့က ခြေစွမ်းအသာနဲ့ ဦးဆောင် ကစားနိုင်ခဲ့တာပါ။ ကျွန်တော်တို့တွေက ဂိုးမပေးရတဲ့ ပွဲတပွဲ ဖြစ်အောင်လည်း လုပ်နိုင်ခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။