ဂျာမနီနိုင်ငံ မြူးနစ်မြို့က အလိုင်းရန့် အရီနာကွင်းမှာ ကစားသွားရတော့မယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်က ခက်ခဲမှုတွေ အများကြီး ရှိနိုင်ပေမယ့် သူတို့အနေနဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူ ကျော်ဖြတ်သွားမယ်လို့ အာဆင်နယ် တိုက်စစ်ကစားသမား လီအန်ဒရို ထရိုဆက်ဒ်က ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ဒီနေ့ မနက်အစောပိုင်းက အာဆင်နယ်ရဲ့ အမ်းမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရင်း အိမ်ရှင်အသင်းက ဆာကာရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ဂနာဘရီ ဟယ်ရီကိန်းတို့က ဘိုင်ယန်အတွက် ဂိုးတွေ ပြန်လည် သွင်းယူခဲ့ပေမယ့် လူစားဝင် ကစားသမား ထရိုဆက်ဒ်က အာဆင်နယ်အတွက် ချေပဂိုး သွင်းယူခဲ့ရာ (၂)ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : beIN SPORTS

ပကျော့ပွဲမှာ အာဆင်နယ်က ပွဲချိန် (၁၂)မိနစ်မှာပဲ ဦးဆောင်ခွင့် ရရှိခဲ့ပေမယ့် ခံစစ်ကစားသမားတွေရဲ့ နားလည်မှု အလွဲတွေကနေ ချေပဂိုးရော ဦးဆောင်ဂိုးကိုပါ ပြန်လည် ခွင့်ပြုခဲ့ရရင်း (1-2) နဲ့ ရှုံးနိမ့်နေခဲ့ရပေမယ့် အာဆင်နယ်ရဲ့ ဒုတိယပိုင်း ကစားသမား အပြောင်းအလဲတွေက အလုပ်ဖြစ်ခဲ့ပြီး ထရိုဆက်ဒ်ကပါ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အသင်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ထရိုဆက်ဒ်က “မြူးနစ်မှာ ကစားရမယ့် ပွဲကလည်း ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့က ဒီနေ့မှာလည်း ကျွန်တော်တို့ကို ဘယ်လို နာကျင်အော် လုပ်နိုင်လဲဆိုတာ ပြသသွားတာမို့ ဒုကျော့မှာ ကျွန်တော်တို့တွေ ပိုမို ကြိုးစားသွားဖို့ လိုအပ်ပါမယ်။”

Photo Credit : DAZN

“တကယ်လို့ ကျွန်တော်တို့က ထိပ်တန်းအဆင့်မှာ ရှိနေတယ်ဆိုရင်တော့ ဒီလိုအသင်းမျိုးကို အနိုင်ယူနိုင်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ်ဆိုရင် ကျွန်တော်တို့က ဒီနေ့မှာပဲ သူတို့ကို အနိုင်ယူနိုင်ခဲ့ရမှာပါ။ ဒါပေမယ့် မြူးနစ်မှာ ဒါကို ပြီးမြောက်အောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။”

“ကျွန်တော်တို့မှာ ယုံကြည်မှုတွေ တကယ်ကို မြင့်မားနေပါတယ်။ ချေပဂိုး ရလိုက်တာကိုလည်း ဝမ်းသာမိပါတယ်။ ကျွန်တော်တို့တွေ မြူးနစ်ကို သွားပြီး ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်ကို ရယူဖို့ကလည်း အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။