ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ထရော့ဆက်ကတော့ အကယ်၍ သူ့ဆီကိုသာ ဆရာဟောင်း ဂရေဟမ် ပေါ်တာ ရှိနေတဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေး ရောက်လာရင် အဲ့ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ဘယ်လ်ဂျီယံ တောင်ပံတိုက်စစ် ကစားသမား ထရော့ဆက်က ဂရေဟမ် ပေါ်တာရဲ့ ခေါ်ယူမှုကြောင့် ဘယ်လ်ဂျီယံကလပ် ဂျန့်ကနေ ဘရိုက်တန်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဘရိုက်တန်ထံ စတင် ရောက်ရှိချိန်မှ စတင်ကာ ယခုချိန်အထိ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: The Sun

ထရော့ဆက်က ယခုနှစ် ဘောလုံးရာသီမှာ ဘရိုက်တန် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘရိုက်တန် ကနေ ချယ်လ်ဆီးဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဂရေဟမ် ပေါ်တာက ထရော့ဆက်ကို လာမယ့် အပြောင်းအရွှေ့ရာသီတွေမှာ ခေါ်ယူဖို့ ကြိုးစားတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂရေဟမ် ပေါ်တာက ချယ်လ်ဆီးနည်းပြ ဖြစ်လာပြီးနောက် အသင်းဟောင်း ဘရိုက်တန်ကနေ သူ ယုံကြည်ရတဲ့ ကစားသမားတွေကို ခေါ်ယူမယ်လို့ ကောလာဟာလ သတင်းတွေ ထွက်ပေါ်နေပြီး ထရော့ဆက်ကတော့ ချယ်လ်ဆီးဟာ သူ့ကို ခေါ်ဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လို့ မရကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: The Sun

ထရော့ဆက်က – “ချယ်လ်ဆီးနဲ့ ပတ်သတ်တဲ့ သတင်းတွေကို ငြင်းဆန်ဖို့ ဆိုတာ ခက်ပါတယ်။ (ရယ်လျက်) ကျွန်တော်တို့က ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးထိ စောင့်ကြည့်ဖို့ လိုအပ်နေပါသေးတယ်။ ဒါမှပဲ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ပရိသတ်တွေ အားလုံး သိကြမှာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။