ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ထရစ်ပီယာကတော့ သူ့ရဲ့ နိုင်ငံ လက်ရွေးစင် အသင်းဖော် ဒီကလန်ရိုက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးထက် ပိုကောင်းတဲ့ ကွင်းလယ်လူ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားနေသူ ဖြစ်ပြီး သူက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား ၅ဦး စာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Daily Mail

တဖက်မှာတော့ အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားပေါင်း များစွာ ရယူထားနိုင်သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီ အစကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာပဲ အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

ဒီကလန်ရိုက်စ်နဲ့ ကတ်စ်မဲရိုးတို့က ကွင်းလယ်ခံစစ် ကစားသမားတွေ ဖြစ်ပေမယ့် ကစားပေါက် မတူကြပဲ ဒီကလန်ရိုက်စ်က ပြိုင်ဘက်ရဲ့ ဘောလုံးပေးပို့မှုတွေကို ကြားကနေ ဖြတ်လုရာမှာ အထူး ကျွမ်းကျင်ပြီး ကတ်စ်မဲရိုးကတော့ လျှောထိုး ဖြတ်ထုတ်မှုတွေနဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုတွေကို ဟန့်တားနိုင်စွမ်းနဲ့ နာမည်ကျော်သူပါ။

Photo Credit: Daily Mail

လက်ရှိမှာတော့ ဘောလုံးရေးရာ သုံးသပ်သူ အများစုက ကတ်စ်မဲရိုးကို ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား အဖြစ် သတ်မှတ်ထားကာ ဒီကလန်ရိုက်စ်ကိုတော့ ကမ္ဘာ့အဆင့် ဖြစ်လာနိုင်တဲ့ ကစားသမား အဖြစ် ရှုမြင်နေကြပေမယ့် ရိုက်စ်ရဲ့ နိုင်ငံအသင်းဖော် ထရစ်ပီယာကတော့ သူ့ရဲ့ အသင်းဖော် ဒီကလန်ရိုက်စ်က ကတ်စ်မဲရိုးထက် ပိုကောင်းတဲ့ ကွင်းလယ်လူ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ထရစ်ပီယာက – “ဒီကလန်ရိုက်စ်က မယုံနိုင်စရာ ကောင်းတဲ့ ကစားသမားပါ။ ပရိသတ်တွေက ကျွန်တော်တို့နဲ့ ဝက်စ်ဟမ်း ကစားခဲ့တဲ့ပွဲကို ကြည့်ခဲ့မလား ဆိုတာ မသိပေမယ့် အဲ့ဒီပွဲမှာ ဒီကလန်ရိုက်စ်ရဲ့ ဘောလုံးဉာဏ်ရည် ၊ ဘောလုံးဆွဲထုတ်တာတွေ ၊ ကစားကွက် ပုံဖော်တာတွေ ၊ ပါဝါကောင်းကောင်းနဲ့ ကစားတာတွေ အရာအားလုံးက မယုံကြည်နိုင်စရာ ကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သူ ကစားတဲ့ နေရာမှာ ဒီကလန်ရိုက်စ်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက်လို့ ယုံကြည်ပါတယ်။ ကတ်စ်မဲရိုးကတော့ သူ ရထားတဲ့ ဆုဖလားတွေ ၊ ချန်ပီယံဆုတွေကြောင့် ကမ္ဘာ့အဆင့် ကစားသမားလို့ အလွယ်တကူ ပြောလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အခုချိန်မှာ ဒီကလန်ရိုက်စ်က ပိုပြီး ကောင်းတယ်လို့ ယူဆပါတယ်။ အသက်အရွယ်အရလည်း ဒီကလန်ရိုက်စ်က ကတ်စ်မဲရိုးထက် ပိုငယ်ပါသေးတယ်” လို့ ပြောကြားသွားခဲ့တာပါ။