ထရန့် အလက်ဇန်းဒါး-အာနိုးလ်က သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း အသင်းကို အသိပေးခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
အသက်(၂၆)နှစ်အရွယ် ကစားသမားဟာ ၂၀၂၅ ခုနှစ် ဇွန်လ(၃၀)ရက်နေ့မှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ နှစ်ပေါင်း(၂၀)ကျော်ကြာ ကျင်လည်ခဲ့တဲ့ အန်ဖီးလ်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အာနိုးလ်ဟာ လီဗာပူးလ်အတွက် ပွဲပေါင်း (၃၅၂)ပွဲ ကစားပြီး (၂၃)ဂိုး သွင်းယူကာ အဓိက ဆုဖလားကြီး (၈)ခု ရယူပေးထားနိုင်ခဲ့ပါတယ်။
အလက်ဇန္ဒား-အာနိုးလ်ဟာ AXA လေ့ကျင့်ရေးကွင်းမှာ Liverpoolfc.com နဲ့ တွေ့ဆုံပြီး သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် အကြောင်းရင်းတွေကို ရှင်းလင်းခဲ့ပါတယ်။ အင်တာဗျူးအပြည့်အစုံကို အောက်မှာ ဖော်ပြပေးထားပါတယ်။
Photo Credit : Liverpool FC
မေး: ထရန့် ခင်ဗျားရဲ့ လက်ရှိစာချုပ် ကုန်ဆုံးချိန်မှာ လီဗာပူးလ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်ကို ပရိသတ်တွေကို ရှင်းပြပေးလို့ရမလား။
ဖြေ: ပထမဆုံးအနေနဲ့ ပြောချင်တာက ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ အများကြီး စဉ်းစားပြီး ခံစားချက်တွေ အများကြီးနဲ့ ဆုံးဖြတ်ခဲ့ရတာပါ။ ကျွန်တော် ဒီမှာ နှစ်(၂၀)ကြာနေခဲ့ပြီး မိနစ်တိုင်းကို ချစ်မြတ်နိုးခဲ့တယ်။ ကျွန်တော့်ရဲ့ အိပ်မက်တွေအားလုံး ကျွန်တော် ဒီမှာ လိုချင်ခဲ့သမျှ အရာအားလုံးကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ နှစ်(၂၀)လုံး နေ့စဉ်နေ့တိုင်း အရာအားလုံးကို ပေးဆပ်ခဲ့ပြီးတဲ့နောက်မှာ ကစားသမားတစ်ယောက်အနေနဲ့ရော လူတစ်ယောက်အနေနဲ့ပါ ကျွန်တော့်အတွက် အပြောင်းအလဲတစ်ခု စိန်ခေါ်မှုအသစ်တစ်ခု လိုအပ်တယ်လို့ ခံစားလာရတဲ့ အချိန်တစ်ခုကို ရောက်လာပါတယ်။ ဒါကြောင့် အခုချိန်ဟာ ကျွန်တော့်အတွက် ဒီလိုလုပ်ဖို့ အသင့်တော်ဆုံးအချိန်လို့ ထင်ပါတယ်။
မေး: လူတော်တော်များများက ခင်ဗျားဆီက စကားသံကို ကြားဖို့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို သိဖို့ စောင့်နေကြမှာပါ။ ဒီကြေညာချက်ကို ထုတ်ပြန်တဲ့ အချိန်အခါအရ ဘာကြောင့် အခုချိန်က ကြေညာဖို့ အသင့်တော်ဆုံးအချိန် ဖြစ်ရတာလဲ။
ဖြေ: ဆုံးဖြတ်ချက်က ဘာဖြစ်မလဲ ဘယ်လိုပုံစံဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆူညံသံတွေ အများကြီး ရှိခဲ့တာ သိပါတယ်။ တချို့က စောစောပြောသင့်တယ်လို့ ပြောကြမယ်။ တချို့က အချိန်ကောင်းကို စောင့်တယ်လို့ ပြောကြမှာပါ။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်ကတော့ အာရုံစိုက်မှုက အမြဲတမ်း ကွင်းထဲမှာပဲ ရှိသင့်တယ် ဘောလုံးအကြောင်းပဲ ဖြစ်သင့်တယ်လို့ ခံစားမိတယ်။ ကျွန်တော်တို့ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်နေချိန် ဆုဖလားတွေအတွက် ကြိုးစားနေချိန်မှာ အသင်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့နဲ့ အသင်းကို အာရုံမပြောင်းသွားအောင် ကွင်းထဲက လုပ်ဆောင်မှုတွေကို အနှောင့်အယှက် မဖြစ်အောင် လုပ်ဖို့က အရေးကြီးပါတယ်။ ကျွန်တော့်အတွက်တော့ ရာသီ တစ်မျိုးတစ်ဖုံ ပြီးဆုံးသွားချိန်မှာ လုပ်ဖို့ အမြဲတမ်း စဉ်းစားခဲ့တယ်။ နောက်ဆုံးပွဲစဉ်မှ မဟုတ်ဘဲ တကယ်တမ်း ကစားစရာ ဘာမှ မကျန်တော့တဲ့ အချိန်ပေါ့။ အခု ကျွန်တော်တို့ လိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ပြီ။ ဒီလို အံ့မခန်း အောင်မြင်မှုကို ဂုဏ်ပြုနိုင်ခဲ့ပြီဆိုတော့ အခုချိန်ဟာ ရင်ထဲက အပူကို ထုတ်ပြောဖို့ ပရိသတ်တွေကို အမှန်တရားကို ပြောပြဖို့ အချိန်တန်ပြီလို့ ခံစားမိတဲ့အတွက် အခု ကြေညာလိုက်တာပါ။
Photo Credit : Liverpool FC
မေး: ခင်ဗျား လီဗာပူးလ်နဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးခဲ့တာတော့ အမှန်ပဲပေါ့။ ဒီရာသီရဲ့ အောင်မြင်မှုတွေနဲ့ နည်းပြ အာနယ် စလော့နဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတာကြောင့် လီဗာပူးလ်မှာ ဆက်နေဖို့ဆိုတာ ဖြစ်နိုင်ခြေ ရှိခဲ့သေးလား။
ဖြေ: ရာနှုန်းပြည့်ပါ။ အခွင့်အလမ်း အကြီးကြီး ရှိခဲ့ပါတယ်။ နည်းပြ နည်းပြအဖွဲ့ဝင်တွေနဲ့ ကလပ်ရဲ့ ရှေ့ဆက်မယ့် ခရီးအတွက် ကျွန်တော့်မှာ ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော်တို့ ရာသီတိုင်းမှာ ချန်ပီယံဆုတွေ ဆုဖလားတွေအတွက် ဆက်ပြီး မတိုက်ပွဲဝင်နိုင်တော့ဘူးလို့ ထင်လို့ ထွက်တာ လုံးဝမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ နည်းပြနဲ့ ပထမဆုံး စတွေ့ကတည်းက သူဟာ အောင်နိုင်သူ တစ်ယောက် အရာရာကို အောင်မြင်အောင် လုပ်ချင်တဲ့သူ ဆိုတာ ကျွန်တော် သိခဲ့တယ်။ ဒီရာသီ ကျွန်တော်တို့ ကစားပုံကို ကြည့်ရင်လည်း ဒါကို မြင်နိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီအပေါ် ယုံကြည်မှု မရှိလို့ မဟုတ်ပါဘူး။ အဓိကက ကျွန်တော် လိုအပ်တယ်လို့ ခံစားရတဲ့ အရာ အဲ့ဒါက အပြောင်းအလဲပါပဲ။ ဒါက လူတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခရီးလမ်းမှာ လုပ်ဖို့ လိုအပ်တဲ့အရာ ဖြစ်သလို ကစားသမားတစ်ယောက် ပရော်ဖက်ရှင်နယ် တစ်ယောက်အနေနဲ့ တခြားတစ်နေရာမှာ ကိုယ့်ကိုယ်ကို စိန်ခေါ်ဖို့လည်း လိုအပ်ပါတယ်။ မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုက စိန်ခေါ်မှုက ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် လုပ်ဖို့လိုအပ်တဲ့ အရာလို့ ခံစားမိပါတယ်။
မေး: ဒီသတင်းကို ကြားရလို့ ပရိသတ်တွေ စိတ်ပျက်ကြလိမ့်မယ်ဆိုတာကို ခင်ဗျား နားလည်ပေးနိုင်လား။
ဖြေ: ဟုတ်ကဲ့ ရာနှုန်းပြည့် နားလည်ပါတယ်။ ကျွန်တော်လည်း တစ်သက်လုံး ဒီကလပ်ရဲ့ ပရိသတ်တစ်ယောက်ပါ။ ဒီကလပ်က ကျွန်တော့်ကို အရာအားလုံး လုပ်ဆောင်ခွင့် အောင်မြင်မှုတွေအားလုံး ရယူခွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော် နားလည်ပါတယ်။ ငယ်ငယ်က ကိုယ်ချစ်တဲ့ အသင်းအတွက် ဆုဖလားတွေ ယူပေးခဲ့တဲ့ ကစားသမားတွေ ထွက်သွားတာကို မြင်ရတဲ့အခါ ကိုယ်ကြည့်ခဲ့ရတဲ့ ကစားသမားတွေနဲ့ တစ်နည်းနည်း ဆက်စပ်မှု ခံစားရတယ်၊ အထူးသဖြင့် သူတို့က ကလပ်အတွက် အောင်မြင်မှုတွေ ယူဆောင်လာပေးတဲ့အခါ ပိုဆိုးတာပေါ့။ ဒါကြောင့် ဒီခံစားချက်တွေကို ကျွန်တော် လုံးဝ နားလည်ပါတယ်။ ကိုယ်တိုင်လည်း ခံစားဖူးတော့ ဒီသတင်းက လူတော်တော်များများကို စိတ်ပျက်စေမယ် ဒေါသထွက်စေမယ် ဝမ်းနည်းစေမယ် ဆိုတာကို လုံးဝ နားလည်ပါတယ်။ ဒီအချက်ကလည်း ဆုံးဖြတ်ချက်ချတဲ့အခါ ထည့်စဉ်းစားခဲ့ရတဲ့ အရာတွေထဲမှာ ပါပါတယ် ။ ဒါက ခင်ဗျား လုပ်ချင်တဲ့အရာ မဟုတ်ဘူး။ လူအများကြီးကို စိတ်ပျက်စေတယ် မျက်နှာပျက်စေတယ်လို့ ခံစားရတဲ့ အခိုက်အတန့်မျိုး ဘယ်တော့မှ မကြုံချင်ဘူး။ ဒါပေမဲ့ ကျွန်တော် ကိုယ့်အတွက် ဆုံးဖြတ်ချက် ချခဲ့ရတာပါ၊ ဒါပါပဲ။ ဒါက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ကျွန်တော့်စိတ်ထဲမှာ အချိန်အကြာကြီး ရှိနေခဲ့တဲ့ ကိစ္စပါ။ ဒါပေမဲ့ အခု ရင်ထဲက ထုတ်ပြောလိုက်နိုင်တော့ ဝန်ပေါ့သွားသလို ခံစားရပါလိမ့်မယ်။ ပရိသတ်တွေအနေနဲ့ ကျွန်တော် ဘယ်မှာရပ်တည်နေတယ် အမှန်တရားက ဘာလဲဆိုတာကို သိဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။
Photo Credit : Liverpool FC
မေး: လီဗာပူးလ်မှာ ခင်ဗျား ဖြတ်သန်းခဲ့တဲ့ အချိန်တွေ အကယ်ဒမီက စလို့ ပထမအသင်း ချန်ပီယံလိဂ် အနိုင်ရသူ၊ ပရီးမီးယားလိဂ် အနိုင်ရသူ စတဲ့ အောင်မြင်မှုတွေကို သေချာ ပြန်သုံးသပ်ဖို့ အချိန်ရောက်လာမှာပါ။ ဒီနေရာကနေ ထွက်ခွာပြီး ဘဝသစ်ကို စစဉ်းစားတဲ့အခါ ဒီနေရာအပေါ် ခံစားချက်ကို ဘယ်လိုဖော်ပြမလဲ။
ဖြေ: ရိုးရိုးသားသား ပြောရရင် စိတ်ထဲ ပေါ်လာတဲ့ စကားလုံးက “အချစ်” ပါပဲ။ ကျွန်တော် ငယ်ငယ်လေးကတည်းက ဒီကလပ်ကို ချစ်ခဲ့တာ အဲ့ဒီအချစ်က နေ့စဉ်နဲ့အမျှ ကြီးထွားလာခဲ့တယ်။ ဒီကလပ်က ကျွန်တော် လိုချင်ခဲ့သမျှ အရာအားလုံးကို အောင်မြင်အောင် လုပ်ဆောင်ခွင့် ပေးခဲ့တယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံး အိပ်မက်တွေထက် ပိုတဲ့ အရာတွေကို အောင်မြင်အောင် လုပ်ဆောင်ခွင့် ပေးခဲ့တယ်။ ကျွန်တော့်ကို ပေးအပ်ခဲ့တာတွေကို ဘယ်တော့မှ ကျေးဇူးဆပ်လို့ ကုန်မှာ မဟုတ်ပါဘူး၊ ဒါကို လုံးဝ အပေါ့အဆ မတွေးပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပဲ၊ နောက်ဆုံးတော့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရပြီး ဒါက အရမ်းခက်ခဲခဲ့ပါတယ်။ လူတွေအနေနဲ့ ကျွန်တော် ကလပ်အတွက် အရာအားလုံး ပေးဆပ်ခဲ့တယ်၊ နှစ် ၂၀ လုံး နေ့တိုင်း အရာအားလုံး ပေးဆပ်ခဲ့တယ်ဆိုတာကို မြင်နိုင် နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် အရာအားလုံးကို စတေးခဲ့တယ်။ အသင်းပွဲနိုင်ဖို့ ကြိုးစားရာမှာ လိုအပ်သမျှ အရာအားလုံးကို လုပ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒါက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျွန်တော် ထာဝရ ဒီကလပ်ရဲ့ ပရိသတ် ဖြစ်နေမှာပါ။ အဲ့ဒါက ပြောင်းလဲမှု ရှိမှာမဟုတ်ဘူး။ ကျွန်တော် အမြဲတမ်း ပွဲတွေကို ကြည့်နေမယ်။ အဝေးကနေ အားပေးနေမှာပါ။ ဒါပေမဲ့ ကလပ်ရဲ့ ကစားသမားတစ်ယောက်အနေနဲ့တော့ အခုချိန်ဟာ ကျွန်တော် ရှေ့ဆက်ပြီး တခြားနေရာမှာ ကိုယ့်ကိုယ်ကို စိန်ခေါ်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။
မေး: တော့တင်ဟမ်ကို အနိုင်ရပြီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တုန်းက အောင်ပွဲခံတဲ့ အခမ်းအနားတွေမှာ ခင်ဗျား ရှေ့ဆုံးက ပါဝင်ခဲ့တာ တွေ့ရတယ်။ ဒီအောင်မြင်မှုက ခင်ဗျားအတွက် ဘယ်လောက် အရေးပါသလဲ။
ဖြေ: ကျွန်တော့်အတွက်တော့ ဒါ အမြင့်ဆုံးနေရာမှာ ရှိပါတယ်။ ဘဝမှာ ဒီလို အခိုက်အတန့်မျိုး အနည်းငယ်ပဲ ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဘောလုံးက ပေးနိုင်တဲ့ အထူးခံစားချက်မျိုးပေါ့။ ဒါက ကျွန်တော်တို့အတွက် ပြီးခဲ့တဲ့ ခြောက်နှစ်၊ ခုနစ်နှစ်လောက်ကတည်းက ရည်မှန်းချက် ပစ်မှတ် ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ပရိသတ်မပါဘဲ ချန်ပီယံဖြစ်ခဲ့ရတာ [၂၀၁၉-၂၀ ရာသီ] အဲ့ဒါက ပရိသတ်တွေနဲ့အတူ ချန်ပီယံဖြစ်ဖို့ ကျွန်တော်တို့ကို ပိုပြီး တွန်းအားပေးခဲ့တဲ့ အရာတစ်ခုပါ။ အိမ်ကွင်း အန်ဖီးလ်မှာ ချန်ပီယံဖြစ်ရတာက ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါ။ ငယ်ငယ်ကတည်းက ဒါကို အိပ်မက်မက်ခဲ့တာ။ လီဗာပူးလ်အတွက် အန်ဖီးလ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူတာက ကျွန်တော့်စိတ်ထဲမှာ အကြိမ်ကြိမ် မြင်ယောင်ခဲ့တဲ့ အရာပါ။ ဒါပေမဲ့ တော့တင်ဟမ်နဲ့ပွဲမှာ အဲ့ဒါကို အမှန်တကယ် အောင်မြင်အောင် လုပ်နိုင်ခဲ့တာက ကျွန်တော့်အတွက် အမြင့်ဆုံးပါပဲ။ ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ ခံစားချက်ပါ။ ထာဝရ တယုတယ သိမ်းထားနိုင်မယ့် အရာပါ။
Photo Credit : BBC
မေး: အခု ဒီကြေညာချက်ကို ထုတ်ပြန်ပြီးပြီဆိုတော့ ခင်ဗျားရဲ့ လီဗာပူးလ် ကစားသမားဘဝ နောက်ဆုံး ရက်သတ္တပတ်တွေမှာ ဘာတွေကို မျှော်လင့်ထားလဲ။
ဖြေ: ကျွန်တော်တို့ ပွဲတွေ ဆက်နိုင်နေဖို့ပဲ မျှော်လင့်ပါတယ်၊ ဒီဆူညံသံတွေက ဒီရာသီ ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဖုံးလွှမ်းမသွားစေချင်ပါဘူး။ ဒါဟာ အံ့မခန်း ရာသီတစ်ခု ဖြစ်ခဲ့တယ်။ ဒီထဲမှာ ပါဝင်ခွင့်ရခဲ့တာ အံ့ဩစရာကောင်းပါတယ်၊ လူတိုင်းက ဒီသတင်းကို အကြာကြီး စိတ်ထဲထားမနေဘဲ ကျန်တဲ့ ကစားသမားတွေ လုပ်ဆောင်ခဲ့တာတွေကို ဂုဏ်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီသတင်းက ရာသီအပေါ်မှာ အရိပ်မည်း သက်ရောက်မှု မဖြစ်စေဘဲ ကလပ်တစ်ခုအနေနဲ့ ကျွန်တော်တို့ ရရှိခဲ့တာတွေကို လူတိုင်း ဂုဏ်ပြုကြပါစေ။ အိမ်ကွင်း အဝေးကွင်းပွဲတွေ ဂုဏ်ပြုတန်းစီမှုတွေ အောင်ပွဲခံမှုတွေ ဒါနဲ့အတူ ပါလာတဲ့ အရာအားလုံးကို ပျော်ရွှင်စွာ ဖြတ်သန်းကြပါစေ။ ကျွန်တော်တို့ အတူတကွ အောင်ပွဲခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီသတင်းကို လက်ခံဖို့ အချိန်ယူရမယ် လူတွေ ပျော်မှာမဟုတ်ဘူး စိတ်ပျက်ကြလိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်။ နောက်ဆုံးတော့ ခင်ဗျားတို့ ကျွန်တော့်အပေါ် ဒေါသထွက် နာကျင်နိုင်ပေမယ့် ကျန်တဲ့ ကစားသမားတွေ အသင်းသားတွေ နည်းပြအဖွဲ့ဝင်တွေ တခြားလူတိုင်းက ဒီရာသီ ဘယ်လောက်ကောင်းခဲ့တယ်ဆိုတာကို ခံစားနိုင်ပြီး ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုကို ရာသီတစ်လျှောက်လုံး ရခဲ့သလိုမျိုး ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး: ပရိသတ်တွေနဲ့ ပတ်သက်လို့ လီဗာပူးလ် ပရိသတ်တွေကို ပြောချင်တဲ့ စကား တစ်ခုခု ရှိမလား။
ဖြေ: ကျွန်တော် ပြောချင်တာတွေ အများကြီး ရှိပါတယ်။ အဓိကကတော့ အကြီးမားဆုံး ကျေးဇူးတင်စကားပါပဲ။ ခင်ဗျားတို့က ကျွန်တော်နဲ့အတူ အစကတည်းက ရှိနေခဲ့တယ်၊ ကျွန်တော့်ကို အားပေးခဲ့တယ် ရှိနေပေးခဲ့တယ်။ ခင်ဗျားတို့ရဲ့ အားပေးမှု ချစ်ခြင်းမေတ္တာ ခင်ဗျားတို့ လုပ်ပေးခဲ့သမျှ အရာအားလုံးကို ကျွန်တော် ဘယ်တော့မှ သတိမပြုမိဘဲ မနေခဲ့ပါဘူး။ အဲ့ဒီ မိနစ်တိုင်းကို ကျွန်တော် ချစ်မြတ်နိုးခဲ့ပါတယ်။ သူတို့ဘက်ကလည်း ဒါကို အပြန်အလှန် ခံစားရလိမ့်မယ်။ ကျွန်တော် ကလပ်အတွက် ကျွန်တော့်ရဲ့ အရာအားလုံးကို ပေးဆပ်ခဲ့တယ်လို့ ခံစားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဘယ်တော့မှ လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့တဲ့ အရာတွေကို လုပ်နိုင်ခဲ့တယ်။ ဒီကလပ်ရဲ့ ပရိသတ်တွေ အားပေးသူတွေနဲ့အတူ အဲ့ဒါတွေကို လုပ်ဆောင်ခဲ့ရတာက ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ အရာပါ။ ကျွန်တော်နဲ့အတူ ထာဝရ ရှင်သန်နေမယ့် အမှတ်တရတွေ အများကြီး ရှိပါတယ်။ သံသယဖြစ်စရာမလိုပါဘူး။ ကျွန်တော် ပြန်လာမှာပါ။ တစ်နေ့နေ့မှာ ကျွန်တော့် ကလေးတွေကို အန်ဖီးလ်ကို ခေါ်လာပြီး ဒါက ငါကစားခဲ့တဲ့ နေရာ ငါတို့ အတူတူ အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ အရာတွေရဲ့ ဗီဒီယိုတွေ ဟိုက်လိုက်တွေကို ပြသချင်ပါတယ်။ ဒါကြောင့် အဲ့ဒီအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် ခင်ဗျားတို့ လုပ်ပေးခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အားပေးမှုအတွက် ကျေးဇူးတင်တယ်။ ကျွန်တော် အမြဲတမ်း ခံစားခဲ့ရတဲ့ ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်တယ် အမြဲတမ်း ကျွန်တော့်ဘက်က ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကလပ်ကို အမြဲတမ်း ချစ်နေမှာပါ။ ကလပ်က လူတွေကို အမြဲတမ်း ချစ်နေမှာပါ။ ပရိသတ်တွေနဲ့ အားပေးသူတွေကို အမြဲတမ်း ချစ်နေမှာပါ။ ကစားသမားတစ်ယောက်အနေနဲ့ ထွက်ခွာသွားပေမယ့် ပရိသတ်တစ်ယောက်အနေနဲ့တော့ ကျွန်တော် ထာဝရ လီဗာပူးလ် ပရိသတ် ဖြစ်နေမှာပါ။