ဒီဘက်နောက်ပိုင်းခေတ်မှာ စက်တပ်ယာဉ်တွေ ဘယ်လိုပဲ ထွန်းကားနေပါစေ စက်ဘီးစီးပြီး သွားလာရတာကို အလွန် မြတ်နိုးတဲ့သူတွေကလည်း မနည်းမနောကို ရှိနေပါတယ်။ စက်ဘီးစီး သွားလာရခြင်းက ကားတွေ ဆိုင်ကယ်တွေနဲ့ သွားလာရတာထက် ခရီးမတွင်ပေမယ့် သဘာဝ ပတ်ဝန်းကျင်အတွက် ဘာဆိုးကျိုးမှ မရှိစေသလို စက်ဘီးစီးသူအတွက်လည်း ကျန်းမာရေး ရှုထောင့်အရ အလွန်ကောင်းမွန်ပါတယ်။

ဒါကြောင့်လည်း ကမ္ဘာတစ်ဝန်းလုံးမှာ စက်ဘီးစီးပြီး ခရီးတို ခရီးရှည်တွေ သွားလာနေကြသူတွေအပြင် ကိုယ်ရဲ့ လုပ်ငန်းတွေဆီကိုလည်း စက်ဘီးနဲ့သွား စက်ဘီးနဲ့ပြန်ကြသူတွေလည်း အများအပြားပါပဲ။ အခု ဖော်ပြပေးချင်တဲ့ အကြောင်းအရာမှာလည်း စက်ဘီးစီးနင်းပြီး ကိုယ်အရောက်ချင်းဆုံး နေရာတစ်ခုကို အရောက်သွားခဲ့သူတစ်ဦးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

Photo Credit : I Love Manchester

မွန်ဂိုလီးယားလို နိုင်ငံကနေ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့က မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးဆီကို လပေါင်း (၁၁)လ ကြာမြင့်အထိ စက်ဘီးနဲ့ပဲ ခရီးနှင်ခဲ့တဲ့ မွန်ဂိုလီးယား ဘောလုံးသမားဟောင်း Ochirvaani အကြောင်းကို ဖော်ပြပေးသွားချင်တယ်။

မွန်ဂိုလီးယန်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ဖူးတဲ့ Ochirvaani ဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် မေလ (၅)ရက်နေ့က စတင်ပြီး မွန်ဂိုလီးယားကနေ မန်ချက်စတာမြို့အထိ ကီလိုမီတာပေါင်း (၁၄၀၀၀)အထိ ခရီးနှင်ခဲ့ကာ သူအရမ်း အားပေးရတဲ့ မန်ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်းကြီးဆီ ခရီးနှင်ခဲ့ပါတယ်။

Photo Credit : Premier League

တကယ်တော့ တစ်နှစ်နီးပါးလောက်အထိ အချိန်ပေးပြီး သွားလာရတဲ့ ခရီးရှည်တစ်ခုကို သွားလာဖို့ဆိုတာ လုံးဝ မလွယ်ကူပေမယ့် Ochirvaani ကတော့ မရရအောင် သွားလာခဲ့တဲ့အတွက် သူ့ကို မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းကြီးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တဲ့ Ochirvaani ကို သူအလွန် အားပေးခဲ့ရတဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဝိန်းရွန်နီက ကိုယ်တိုင် ကြိုဆိုမှုတွေ ပြုလုပ်ခဲ့ပြီး နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန် နဲ့ လက်ရှိအသင်းခေါင်းဆောင် ဖာနန်ဒက်စ်တို့နဲ့လည်း ဆက်လက် တွေ့ဆုံခဲ့ရပါတယ်။