တော့တင်ဟမ် ဟော့စပါးအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမယ်လ်လူ လူကာကူကို ခေါ်ယူသွားဖို့ စဉ်းစားနေပြီး တကယ်လို့ ကမ်းလှမ်းဖြစ်မယ်ဆိုရင်လည်း အငှားနဲ့သာ ကမ်းလှမ်းဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

လူကာကူက ပြီးခဲ့တဲ့ ဘောလုံးရာသီ အင်တာမီလန်မှာ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားခဲ့ရပြီး လက်ရှိ ချယ်လ်ဆီးကို ပြန်ရောက်နေပေမယ့် သူကိုယ်တိုင်က ချယ်လ်ဆီးနဲ့ ပြန်လည် မပူးပေါင်းချင်တော့သလို ချယ်လ်ဆီးကလည်း ဒီနွေမှာပဲ လူကာကူကို ရှင်းထုတ်ချင်နေပါတယ်။

Photo Credit : Football365

အသက် (၃၀)အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူကို အင်တာက အငှားကနေ အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ကစားသမားရဲ့ အပြုအမှုတွေကို သဘောမကျလို့ ကြိုးပမ်းမှုတွေ အဆုံးသတ်ခဲ့သလို ဂျုဗင်တပ်စ်ကလည်း ပရိသတ်တွေ ဖိအားပေးမှုကြောင့် လူကာကူကို ဆက်လက် မကြိုးပမ်းတော့ပဲ ဗလာဟိုဗစ်ကိုသာ ဆက်လက် အသုံးပြုနေပါတယ်။

ဒီလို ခေါ်ယူမယ့် အသင်းတွေ တဖြည်းဖြည်း နည်းပါးလာချိန်မှာ လူကာကူရဲ့ လက်ရှိကလပ် ချယ်လ်ဆီးအသင်းကလည်း လူကာကူကို အသင်းက ယူ-၂၁ ကစားသမားတွေနဲ့ပါ လေ့ကျင့်ခန်းဆင်းခိုင်းနေပြီး အသင်းရဲ့ ကစားသမာစာရင်းထဲကနေပါ ချန်လှပ်ထားခဲ့ပါသေးတယ်။

Photo Credit : TEAMtalk

ဒီအချိန်မှာ တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးလောက် ဖြည့်တင်းဖို့ လိုအပ်နေတဲ့ စပါးအသင်းက ပရီးမီးယားလိဂ် ကျင်လည်ခဲ့ဖူးတဲ့ လူကာကူကို ခေါ်ယူချင်နေပြီး ကာလတို အငှားစာချုပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားချင်နေပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းက လူကာကူကို အသင်းကနေ အပြီးသတ်သာ ရောင်းထုတ်သွားချင်နေပြီး အငှားကမ်းလှမ်းမှုတွေကိုတော့ လက်ခံမှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားတာကြောင့် စပါးအနေနဲ့ လူကာကူကို ငွေကြေးနဲ့ပဲ အပြီးသတ် ကမ်းလှမ်းသွားမလား ဒါမှမဟုတ် နော်တင်ဟမ်ရဲ့ ဝေးလ်စ် တိုက်စစ် ကစားသမား ဘရန်နန် ဂျွန်ဆင်ကိုပဲ ခေါ်ယူသွားမလားဆိုတာ စောင့်ကြည့်ရပါမယ်။