တော့တင်ဟမ်ဟော့စပါးအသင်းကတော့ ဘရန့်ဖို့ဒ်ရဲ့ စပိန် ဂိုးသမား ဒေးဗစ်ရာယာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိပြီးတဲ့နောက်မှာပဲ နောက်ထပ် ဂိုးသမားတစ်ဦးနဲ့ပါ personal agreed ထပ်မံ ရရှိသွားခဲ့ပြန်ပါတယ်။

Image

Photo Credit : Twitter

စပါးအသင်းဟာ အခု နွေဈေးကွက်ထဲမှာ အသင်းရဲ့ ဝါရင့် ဂိုးသမားကြီး ဟူဂိုလိုရစ် အပါအဝင် အရန် ဂိုးသမား ဖော်စတာကိုပါ လက်လွတ်သွားရဖို့ ရှိနေတဲ့အတွက် ဂိုးသမားသစ်တွေ ပြန်လည် ဖြည့်တင်းသွားရဖို့ ရှိနေပြီး လက်ရှိမှာတော့ ဘရန့်ဖို့ဒ်ရဲ့ စပိန်လက်ရွေးစင် ဂိုးသမား ရာယာကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ရာယာဟာ မန်ယူနိုက်တက် ချယ်လ်ဆီးအသင်းတွေကပါ အလိုရှိနေတဲ့ ဂိုးသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဂိုးသမား ကိုယ်တိုင်က စပါးကိုသာ ရွေးချယ်ခဲ့ပြီး စပါးအနေနဲ့ ရာယာအတွက် ပေါင် သန်း(၄၀)နဲ့သာ ကမ်းလှမ်းမယ်ဆိုရင် ဘရန့်ဖို့ဒ်ဘက်က သူတို့ ဂိုးသမားကို အပြီးသတ် ရောင်းချသွားမှာ ဖြစ်ပါတယ်။

Photo Credit : Sempreinter

ဒါပေမယ့် စပါး ဥက္ကဌ ဒန်နီရယ်လီဗီးက ရာယာအတွက် ပေါင် သန်း(၄၀)အထိ ပေးချေသွားဖို့ တွန့်ဆုတ်နေပြီး အခုလည်း နောက်ထပ် ဂိုးသမားတစ်ဦးကိုပါ ထပ်မံ ကြိုးပမ်းလာခဲ့ပြန်ပါတယ်။ ဒီဂိုးသမားကတော့ စီးရီးအေကလပ် အမ်ပိုလီအသင်းမှာ ပါဝင်ကစားနေတဲ့ အသက် (၂၆)နှစ်အရွယ် အီတလီ ဂိုးသမား ဂူလီအယ်လ်မိုဗီကာရီယို ဖြစ်ပါတယ်။ အရပ် (၆)ပေ (၄)လက်မရှိတဲ့ အီတလီ ဂိုးသမား ဗီကာရီယိုဟာ စပါးအသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားခဲ့ပြီဖြစ်ပြီး ဒီဂိုးသမားအတွက်ကိုလည်း စပါးဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း(၂၀)လောက်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေပေမယ့် စပါး ပရိသတ်တွေကတော့ ဗီကာရီယိုထက် ပရီးမီးယားလိဂ်မှာ ကျင်လည်ထားဖူးတဲ့ ဘရန့်ဖို့ဒ် ဂိုးသမား ရာယာကိုသာ အရ ခေါ်ယူစေချင်နေပြီး ပေါင် သန်း(၄၀)နဲ့ ကမ်းလှမ်းဖို့ တွန့်ဆုတ်နေတဲ့ အသင်းတာဝန်ရှိသူတွေကိုလည်း ပြစ်တင်ဝေဖန်လျက် ရှိနေပါတယ်။