တော့တင်ဟမ် ဟော့စပါးအသင်းဟာ ရီးယဲလ် မက်ဒရစ်အသင်း ကွင်းလယ် ကစားသမား ဂျုဒ့် ဘယ်လင်ဟမ်ရဲ့ ညီဖြစ်သူ ဂျိုဘီ ဘယ်လင်ဟမ်ကို ဆန်းဒါးလန်းအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်ကြောင်း Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဂျိုဘီ ဘယ်လင်ဟမ်ဟာ သူ့အစ်ကို ဂျုဒ့်လိုပဲ ဘာမင်ဂမ်အသင်းရဲ့ လူငယ် အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ကွင်းလယ် တိုက်စစ်နေရာမှာ ကစားတက်သူလည်း ဖြစ်ပါတယ်။

Photo Credit : Birmingham World

အစ်ကိုဖြစ်သူ ဂျုဒ့်နဲ့ ဘာမင်ဂမ် အကယ်ဒမီ နှစ်အတန်ကြာ ဖြတ်သန်းခဲ့ရင်း အသက် (၁၅)နှစ်နဲ့ ဘာမင်ဂမ် စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာတဲ့ ဂျိုဘီက ဘာမင်ဂမ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၆)ပွဲအထိ ကစားပေးအပြီးမှာ ဆန်းဒါးလန်းအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒီနွေမှ ဆန်းဒါးလန်းအသင်းဆီ ရောက်ရှိသွားတဲ့ ဂျိုဘီ ဘယ်လင်ဟမ်ဟာ ဆန်းဒါးလန်းမှာတော့ အဓိက ကစားသမားတစ်ဦးလို ကစားခွင့် ရရှိနေပြီး အခုဆိုရင်လည်း ပွဲပေါင်း (၁၇)ပွဲ ကစားလို့အပြီး အသင်းအတွက် သွင်းဂိုး (၃)ဂိုး သွင်းယူထားသလို ဂိုးဖန်တီးမှုပါ (၁)ကြိမ် လုပ်ဆောင်ထားပါတယ်။

Photo Credit : Transfer News Live

ဒီလို ဘောလုံး အရည်အသွေးကောင်းတွေ ပြသနေတဲ့ ဂျိုဘီကို အစ်ကိုဖြစ်သူ ဂျုဒ့် ဘယ်လင်ဟမ်က ရီးယဲလ် မက်ဒရစ်အသင်းဆီ ခေါ်ဆောင်ချင်နေသလို ဒီရာသီ နည်းပြသစ် ပိုစတီကိုဂလူးလက်ထက် စွမ်းဆောင်ကောင်းတွေ ပြသထားတဲ့ စပါးကလည်း ဂျိုဘီလေးကို စိတ်ဝင်စားလာခဲ့ပါတယ်။

စပါးက ဒီနွေမှာ ကွင်းလယ်တိုက်စစ် နေရာအတွက် လက်စတာ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူထားပြီး မက်ဒီဆင်ကလည်း ခြေစွမ်းကောင်းတွေ ပြသထားပေမယ့်လည်း ဂျိုဘီ ဘယ်လင်ဟမ်လေးကို မက်ဒီဆင်ရဲ့ back-up အဖြစ် အသုံးပြုသွားဖို့အတွက် ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။