ဂျာမနီ ဘောလုံးဂန္ထဝင်ကစားသမားကြီး တိုနီ ကရူးစ်က လက်ရှိဂျာမနီလက်ရွေးစင်အသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်း သုံးသပ်ပြောကြားလိုက်ပါတယ်။ သူက ဂျာမနီအသင်းဟာ လောလောဆယ်မှာ ကမ္ဘာ့ဖလားလို အမြင့်ဆုံး ရည်မှန်းချက်တွေထားနိုင်တဲ့ အသင်းတစ်သင်းမဟုတ်တော့ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

သူက “ကျွန်တော်တို့အသင်းက အခုအချိန်မှာ အကြီးမားဆုံး ရည်မှန်းချက်တွေထားနိုင်တဲ့ အသင်းတွေထဲမှာ မပါဝင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ တခြားအသင်းတွေက ကျွန်တော်တို့ထက် သိသိသာသာကို ပိုကောင်းနေလို့ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Bavarian Football Works

ဒါပေမဲ့ ကရူးစ်က အသင်းရဲ့ အနာဂတ်အပေါ် မျှော်လင့်ချက် အနည်းငယ်ရှိနေသေးကြောင်းကိုလည်း အခုလို ဆက်ပြောခဲ့ပါတယ်။

“ဒါပေမဲ့ ကျွန်တော်ယုံကြည်တာတစ်ခုကတော့ အကောင်းဆုံးဂျာမန်ကစားသမားတွေကို ရွေးချယ်ခွင့်ရပြီး အားလုံးသာ ကြံ့ခိုင်မှုအပြည့်နဲ့ ရှိနေမယ်ဆိုရင် ကျွန်တော်တို့မှာ အားသာချက်တွေ ရှိနေတုန်းပါပဲ။ အမှန်တရားတစ်ခုကတော့ ကမ္ဘာ့ဖလားချန်ပီယံဆုအကြောင်း ပြောဆိုဖို့ ကျွန်တော်တို့ မိုင်ပေါင်းများစွာ အလှမ်းဝေးနေပါသေးတယ်။”

Photo Credit : ESPN

“ဒါပေမဲ့ ပြိုင်ပွဲက လာမယ့်နွေရာသီမှာမှ ကျင်းပမှာပါ။ လက်ရှိအခြေအနေအရတော့ ကျွန်တော်တို့ အများကြီး အလှမ်းဝေးနေပြီး နေရာကောင်းတစ်ခုမှာ မရှိနေပါဘူး။ ဒါပေမဲ့ နွေရာသီရောက်တဲ့အခါမှာတော့ မှန်ကန်တဲ့ကစားသမားတွေကို ကြံ့ခိုင်မှုအပြည့်နဲ့ ရရှိဖို့လိုပါတယ်။”

ကရူးစ်က ဂျာမနီအသင်းရဲ့ လက်ရှိခြေစစ်ပွဲအုပ်စု အနေအထားနဲ့ ပတ်သက်ပြီးလည်း “ကျွန်တော်တို့ ခြေစစ်ပွဲအောင်ဖို့ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေမျိုးမရှိတဲ့ အုပ်စုတစ်ခုထဲ ကျရောက်နေတာကိုတော့ အရမ်းကံကောင်းတယ်လို့ ပြောရမှာပါ။” လို့ ထေ့ငေါ့ပြောဆိုသွားခဲ့ပါတယ်။