ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ မက် တော်မီနေးက ဒီရာသီမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ရှိနေပေမယ့် သူတို့အသင်းရဲ့ ကစားသမား အားလုံးဟာ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကို ထောက်ခံ ယုံကြည်နေဆဲပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ယူနိုက်တက်နဲ့ ပထမရာသီမှာပဲ ကာရာဘောင်းဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၃)နေရာကို အရယူပေးခဲ့ပါတယ်။

Photo Credit: Team Talk

ဒါပေမယ့် ဒီရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက်က ကစားသမား အများအပြား ဒဏ်ရာရမှုကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ကာရာဘောင်းပြိုင်ပွဲ ကနေ ထွက်ခဲ့ရသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရှုံးထွက်အဆင့်ဆီ တက်နိုင်ဖို့ ခက်ခဲနေပါတယ်။

 

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပွဲစဉ်(၁၆) အပြီးမှာ ရမှတ် ၂၇မှတ်နဲ့ အဆင့်(၆) နေရာဆီ ရောက်ရှိနေပြီး ရလဒ်တွေ မတည်ငြိမ်တာကြောင့်ပဲ ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်သင့်ပြီ ဆိုတဲ့ တိုက်တွန်းမှုတွေ ရှိလာပါတယ်။

Photo Credit: MEN

မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကတော့ တန်ဟက်ဂ်အပေါ် ယုံကြည်မှု အပြည့် ပေးထားဆဲ ဖြစ်ပြီး ဒီရာသီမှာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေတဲ့ တော်မီနေးကလည်း ရလဒ်ဆိုးတွေ အတွက် တာဝန်ယူရမယ့် လူတွေဟာ သူတို့ ကစားသမားတွေသာ ဖြစ်ပြီး ကစားသမား အားလုံးက တန်ဟက်ဂ်ကို ထောက်ခံနေဆဲပါလို့ ဆိုကာ တန်ဟက်ဂ်ကို ကာကွယ်ပေးသွားခဲ့ပါတယ်။

တော်မီနေးက – “ရလဒ်ဆိုးတွေ အတွက် အဓိက တာဝန်ယူရမယ့် လူတွေက ကျွန်တော်တို့ ကစားသမားတွေပါပဲ။ ကျွန်တော်တို့ အားလုံးကလည်း အဲ့ဒီအချက်ကို သိထားကြပါတယ်။ ကျွန်တော်တို့ရဲ့ အဝတ်လဲခန်းထဲမှာ အသင်းကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ရှိပါတယ်။ အခုချိန်မှာ ကျွန်တော်တို့က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် ပြီးခဲ့တဲ့ နည်းပြတွေတုန်းကလို ကစားသမားတွေနဲ့ နည်းပြ ကြားထဲမှာ ဆိုးရွားတဲ့ ဆက်ဆံရေးမျိုး မရှိပါဘူး။ ကစားသမားတွေ အားလုံးက နည်းပြကို ထောက်ခံ ယုံကြည်နေဆဲပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။