ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ မက် တော်မီနေးက နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ကစားခွင့် နည်းပါးနေတာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ နယူးကာဆယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် စကော့တလန် လက်ရွေးစင် ကွင်းလယ်လူ တော်မီနေးက မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ၂၀၁၇ခုနှစ်မှ စတင်ကာ မန်ချက်စတာ ယူနိုက်တက် အတွက် ပါဝင် ကစားခွင့် ရထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

တော်မီနေးက ဗဟိုကွင်းလယ် ၊ ကွင်းလယ်ခံစစ်နဲ့ လိုအပ်ရင် ဗဟိုခံစစ်မှူး အဖြစ်ပါ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ အရပ်အမောင်းနဲ့ ကြံ့ခိုင်မှုကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဟောင်းတွေ ဖြစ်ကြတဲ့ မော်ရင်ဟို ၊ ဆိုးလ်ရှားနဲ့ ရန်းဂ်နစ်တို့ရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ရခဲ့သူပါ။

ဒါပေမယ့် နည်းပြသစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာတော့ ကစားသမားသစ်တွေ ဖြစ်တဲ့ အဲရစ်ဆင် ၊ ကတ်စ်မဲရိုးတို့ ရောက်လာမှုနဲ့အတူ တော်မီနေးက ပုံမှန် ကစားခွင့် ပျောက်ဆုံးသွားသလို အသင်းရဲ့ ပဥ္စမ ဦးစားပေး ကွင်းလယ်လူ အဖြစ်သာ ရှိနေခဲ့ပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်တဲ့ နယူးကာဆယ်က သူတို့ရဲ့ ကွင်းလယ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု အဖြစ် တော်မီနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နယူးကာဆယ်ဟာ တော်မီနေးကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ စတင် ကမ်းလှမ်းရန်ပါ ပြင်ဆင်နေကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနကလည်း နယူးကာဆယ်ဟာ တော်မီနေးကို ခေါ်ယူဖို့ လှုပ်ရှားနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို တော်မီနေးက မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ နယူးကာဆယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြထားပါတယ်။