ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာ တနည်းအားဖြင့် ဥရောပဝင်ခွင့် တစ်နေရာစာအတွက် မျှော်လင့်လို့ရနိုင်တဲ့ နေရာကို ရောက်ရှိနေပေမဲ့လည်း လက်ရှိမှာ သူတို့အသင်းအနေနဲ့ ဥရောပဝင်ခွင့်အကြောင်း မစဉ်းစားထားသေးပဲ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမဲ့ လန်ဒန်ဒါဘီပွဲကိုသာ အာရုံစိုက်ထားတယ်လို့ ဖူလ်ဟမ်အသင်းခေါင်းဆောင် တွမ်ကယ်နီ ပြောဆိုသွားခဲ့ပါတယ်။

Marco Silva set to be offered new Fulham contract as club chiefs aim to  extend stay beyond 2024 | Daily Mail Online

Photo Credit : Daily Mail

ပရီးမီးယားလိဂ် တန်းတတ်အသင်း ဖူလ်ဟမ်ဟာ ဒီနောက်ပိုင်းနှစ်တွေအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတတ်ခွင့် ရရှိတိုင်းမှာ တစ်ရာသီသာ ဖြတ်သန်းရပြီး ချန်ပီယံရှစ်ဆီ တန်းဆင်းခဲ့ရပေမဲ့လည်း အခုနှစ်မှာတော့ တစ်မူထူးခြားစွာနဲ့ ရာသီဝက်အတွင်း အဆင့်(၇)နေရာထိပါ တတ်လှမ်းထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့်(၇)နေရာ ရရှိတဲ့အသင်းက ကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲ ဆင်နွဲခွင့်ရတာဖြစ်လို့ ဒါဟာ တစ်ချိန်က ယူရိုပါလိဂ် ဗိုလ်လုပွဲထိ ရောက်ရှိခဲ့ဖူးတဲ့ ဖူလ်ဟမ်အတွက် မျှော်လင့်ချင်စရာ အခြေအနေမျိုး ဖြစ်ပေမဲ့လည်း သူတို့ရဲ့ ရည်မှန်းချက်ကတော့ ပရီးမီးယားလိဂ်မှာ ဆက်လက် ကျန်ရှိနေရေးသာ ဖြစ်တယ်လို့ တွမ်ကယ်နီ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Photo Credit : BBC

ဥရောပဝင်ခွင့်နဲ့ ပတ်သတ်ပြီး တွမ်ကယ်နီက “အဲ့ဒါ ကျွန်တော်တို့ စိတ်ထဲမှာ ရှိမနေပါဘူး။ ကျွန်တော်တို့တွေ ဥရောပဘောလုံးအကြောင်းကို လုံးဝ တွေးမထားပါဘူး။ ဒါက ကျွန်တော်တို့အသင်းရဲ့ ခံယူချက်လည်း မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတတ်လာတဲ့ ဘယ်ကလပ်အသင်းမဆို ပရီးမီးယားလိဂ်မှာ ဆက်လက် ရှိနေဖို့ကပဲ အသင်းတိုင်းရဲ့ ရည်မှန်းချက်ပါပဲ” လို့ ပြောဆိုခဲ့သလို ဒီကနေ့ည ဂရာဗန်ကော့တေ့ချ်ကွင်းမှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်နဲ့ ပတ်သတ်ပြီးတော့ကိုလည်း “အခုအချိန်မှာ ကျွန်တော်တို့အသင်းက သူတို့ရဲ့အထက်မှာ ရပ်တည်နေရတယ် ဆိုပေမဲ့လည်း ဒါက အရမ်းကြီး အရေးပါနေတာမျိုး မဟုတ်ပါဘူး။ သူတို့က အင်အားလည်း တောင့်တင်းတယ်။ ဘယ်အချိန်မှာမဆို ရလဒ်ကို အပြောင်းအလဲ လုပ်ဆောင်နိုင်တဲ့ အစုအဖွဲ့မျိုးကိုလည်း ပိုင်ဆိုင်ထားတယ်။ ကော့တေ့ချ်မှာ တကယ်ကို ခက်ခဲ ကြမ်းတမ်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ” လို့ သုံးသပ်သွားခဲ့ပါတယ်။ ဖူဟ်ဟမ်အသင်းဟာ ဒီရာသီ တန်းတတ်အသင်းတွေထဲမှာ ရလဒ်အကောင်းဆုံးအသင်း ဖြစ်နေရပြီး (၁၈)ပွဲ ကစားထားပြီးချိန် ရမှတ်(၂၈)မှတ် ရယူထားနိုင်ခဲ့ကာ အဆင့်(၇)နေရာနဲ့ ရပ်တည်ထားနိုင်ပါတယ်။ ဒါပေမယ့် အခု လန်ဒန်ဒါဘီပွဲမှာတော့ အသင်းရဲ့ အဓိက ကစားသမား မီထရိုဗစ်က ပွဲပယ်ပြစ်ဒဏ် ရှိနေတဲ့အတွက် လွဲချော်သွားရပါမယ်။