မန်ချက်စတာစီးတီးအသင်း နည်းပြဖြစ်သူ ပက်ပ်ဂွာဒီယိုလာက ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို သိမ်းပိုက် ရယူနိုင်ဖို့ထက် တစ်ခါတစ်ရံ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြဲ ပါဝင် ယှဉ်ပြိုင်နေရဖို့က ပိုပြီးတော့ကို အရေးကြီးတယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

စပိန်လူမျိုး နာမည်ကျော် ဘောလုံးနည်းပြ ဂွာဒီယိုလာက မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ (၇)နှစ်တာ ကာလအတွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို နှစ်တိုင်းလိုလို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ပရီးမီးယားလိဂ် ချန်ပီယံဆုကိုလည်း (၄)ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာကတော့ ပက်ပ်ရဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေပြီး ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ (၅)မှတ် ကွာဟနေတော့သလို ဒီရာသီမှာ အာဆင်နယ်ကို ကျော်ဖြတ်နိုင်ဖို့ကလည်း ခက်ခဲနေရပါတယ်။

Photo Credit : The Economic Times

ဒီအချိန်မှာ ပက်ပ်က “ကျွန်တော်တို့ နောက်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်သာ ရရှိခဲ့မယ်ဆိုရင် မန်ချက်စတာမှာ ရှိတဲ့ အကောင်းဆုံးသော စားသောက်ဆိုင်ကို သွားပြီး အကောင်းဆုံးသော ညစာကို တည့်ခင်းကြပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်တို့ အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်ပေးတာကြောင့်ပါ။ ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ရဖို့က ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို ရရှိဖို့ထက် တစ်ခါတစ်လေ ပိုအရေးကြီးပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

ဂွာဒီယိုလာရဲ့ ပြောဆိုချက်အရ တကယ်လို့ ဒီရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးသွားမယ်ဆိုရင်လည်း သူတို့အတွက် top-four အတွင်း ရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားဖို့ကသာ အရေးကြီးတယ်ဆိုတဲ့ သဘောလည်း ဖြစ်သလို ဒီလက်ကျန်ရာသီမှာ ချန်ပီယံလိဂ်ဘက်ကို ပိုမို အာရုံစိုက်နိုင်တယ်လို့လည်း အဓိပ္ပါယ် သက်ရောက်နိုင်ပါတယ်။ လက်ရှိမှာတော့ စီးတီးဟာ လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို Etihad ကွင်းမှာ ကစားရဖို့ ရှိနေတဲ့အပြင် အက်အေဖလားပြိုင်ပွဲမှာလည်း သူရဲ့ တပည့်ဟောင်း ဗင်းဆင့်ကွန်ပနီရဲ့ ဘန်လေအသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံနေပြီး အက်အေမှာပါ ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။