ရက်ဘူးလ် လိုက်ပ်ဇစ်အသင်းကနေ တော့တင်ဟမ် ဟော့စပါးအသင်းမှာ အငှားစာချုပ်နဲ့ လာရောက် ကစားနေတဲ့ ဂျာမနီ တိုက်စစ်ကစားသမား တီမို ဝါနာဟာ လက်ရှိမှာတော့ ရက်ဘူးလ်လက်အောက်က အသင်းတစ်သင်းဖြစ်တဲ့ မေဂျာလိဂ်ကလပ် နယူးယော့ခ် ရက်ဘူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပြီလို့ သတင်းထွက်လာခဲ့ပါတယ်။

အသက်(၂၈)နှစ်အရွယ် တိုက်စစ်မှူး ဝါနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရာသီဝက်ကမှ လိုက်ပ်ဇစ်ကနေ စပါးအသင်းဆီ အငှားနဲ့ ရောက်ရှိနေခဲ့တာဖြစ်ပြီး ဒီနွေမှာလည်း စပါးဘက်က ဝါနာရဲ့ အငှားသက်တမ်းကို တစ်ရာသီအထိ ထပ်မံ သက်တမ်းတိုးထားခဲ့ပါသေးတယ်။

Photo Credit : Goal

ဒီရာသီမှာ ဝါနာက စပါးအသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခြင်း မရှိဘဲ ပြိုင်ပွဲစုံ (၂၆)ပွဲအထိ ကစားထားတာတောင် သွင်းဂိုး(၁)ဂိုးတည်းသာ သွင်းယူနိုင်သလို ဂိုးဖန်တီးမှုလည်း (၃)ကြိမ် လုပ်ဆောင်ထားခဲ့ပါတယ်။ လက်ရှိမှာလည်း ဝါနာက တံကောက်ကြောဒဏ်ရာပါ ရရှိနေပါတယ်။

ချယ်လ်ဆီးကစားသမားဟောင်း ဝါနာဟာ စပါးအသင်းနဲ့လည်း (၆)လ အငှားသက်တမ်း ကျန်ရှိနေသေးပေမယ့် လက်ရှိမှာ လိုက်ပ်ဇစ်နဲ့ ပိုင်ရှင်တူအသင်းဖြစ်တဲ့ နယူးယော့ခ် ရက်ဘူးလ်အသင်းက ဝါနာကို သူတို့ရဲ့ မေဂျာလိဂ်ပြိုင်ပွဲဆီ ခေါ်ဆောင်သွားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ Footmercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The New York Times

ဝါနာက ချယ်လ်ဆီးမှာရော အခု စပါးအသင်းမှာပါ သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို မပြသထားနိုင်ပေမယ့် လက်ရှိ စပါးအသင်းမှာက ဒဏ်ရာရ ကစားသမားတွေ အလွန်များပြားနေရတာကြောင့် ဈေးကွက်မပိတ်ခင်မှာ ဝါနာအပါအဝင် ကစားသမား တစ်ယောက်တစ်လေမှ အသင်းကနေ လက်လွတ်သွားဖို့ ဆန္ဒမရှိဘူးလို့ စပါးနည်းပြ ပိုစတီကိုဂလူးကိုယ်တိုင် ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း စပါးအသင်းက ဒီရက်ပိုင်းထဲမှာ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တစ်ဦးခန့်လောက် ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပြီး တကယ်လို့ အသင်းဆီ တိုက်စစ်မှူးတစ်ဦး ရောက်လာခဲ့မယ်ဆိုရင် ဝါနာကိုလည်း အငှားစာချုပ် ဖျက်သိမ်းကာ မိခင်ကလပ် လိုက်ပ်ဇစ်ဆီ ပြန်လည် ပို့ဆောင်သွားနိုင်ပါတယ်။