ယနေ့မနက် အစောပိုင်းမှာ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ် ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး တီမိုဝါနာက သူဟာ ဆုဖလားတွေ ရယူဖို့ အတွက် စပါးဆီ ပြောင်းရွှေ့လာခဲ့တာပါလို့ စပါးကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ဂျာမဏီ တိုက်စစ်မှူး တီမိုဝါနာက ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ဂျာမဏီရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ ပါဝင်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ လိုက်ပ်ဇစ်မှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Team Talk

တီမိုဝါနာက ယခုနှစ် ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံမှာ ၃၈၆ မိနစ်သာ ကစားခွင့် ရခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

တီမိုဝါနာက လာမယ့် ယူရို ၂၀၂၄ပြိုင်ပွဲဝင် ဂျာမဏီအသင်းမှာ ရွေးချယ်ခံရဖို့ အတွက် ပွဲထွက်ခွင့် လိုအပ်နေတာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး တဖက်မှာ စပါးကလည်း သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဆွန်ဟောင်မင်ကို အာရှဖလားပြိုင်ပွဲဆီ တလနီးပါး လွှတ်ပေးခဲ့ရတာကြောင့် တီမိုဝါနာကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့သလို ခပ်မြန်မြန်ပဲ သဘောတူညီမှု ရရှိခဲ့ပါတယ်။

Photo Credit: Mirror

စပါးက တီမိုဝါနာကို ရာသီဝက်အငှား + ရာသီကုန်မှာ ယူရို ၁၇သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် စတဲ့ သဘောတူညီချက်တွေနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး တီမိုဝါနာကတော့ သူ့ရဲ့ စပါးကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ဆုဖလားတွေ အတွက် စပါးဆီ ပြောင်းလာခဲ့တာ ဖြစ်ကာ စပါးနည်းပြ ပိုစတီဂိုဂလူရဲ့ စည်းရုံးမှုတွေကလည်း ဒီအပြောင်းအရွှေ့မှာ အရေးပါခဲ့ကြောင်း ထုတ်ပြောခဲ့ပါတယ်။

တီမိုဝါနာက – “ကျွန်တော်က အသင်းကြီး တသင်းဆီ ပြောင်းလာနိုင်ခဲ့တာပါ။ ကျွန်တော်က ဆုဖလားတွေ ယူဖို့ စပါးဆီ ရောက်လာတာပါ။ နည်းပြကြီးနဲ့ စကားပြောပြီးတဲ့နောက် ကျွန်တော်က ဒီအသင်းဆီ ပြောင်းဖို့ လိုအပ်နေပြီ ဆိုတဲ့ ခံစားချက်ကို ရခဲ့ပါတယ်။ အသင်းရဲ့ ကစားပုံကလည်း ကျွန်တော်နဲ့ အံကိုက်ပဲလေ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။