ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ ခံစစ်မှူး တဦး ဖြစ်သူ တင်းဘားကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်က သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် အားဖြည့်မှု အဖြစ် ဗဟိုခံစစ်နဲ့ ညာနောက်ခံလူ အဖြစ် ကစားနိုင်စွမ်း ရှိသလို လိုအပ်ရင် ကွင်းလယ်ခံစစ် ကစားသမား အဖြစ်ပါ ကစားတတ်တဲ့ ဂျူရီယန် တင်းဘားကို ခေါ်ယူဖို့ ကြိုးစားနေတာ အတော်လေး ကြာနေပါပြီ။

Photo Credit: Team Talk

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး တင်းဘားက အေဂျက်ရဲ့ နာမည်ကျော် ယိုဟန်ခရိုက်ဖ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ခံစစ်မှူး တဦး ဖြစ်ပြီး သူက ဘောလုံးကိုင် ကစားရာမှာ ထူးချွန်သလို ပြိုင်ဘက် တိုက်စစ်မှူးတွေကို တဦးချင်း လူကပ် ကစားရာမှာလည်း ကောင်းမွန်ပါတယ်။

ဒါကြောင့်ပဲ ဥရောပ ထိပ်သီးအသင်း တချို့က တင်းဘားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အာဆင်နယ်က အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ တင်းဘားကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ အပတ်မှ စတင်ကာ တင်းဘားအတွက် တရားဝင် ကမ်းလှမ်းမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Football 365

နာမည်ကြီး နယ်သာလန် သတင်းထောက် ဖြစ်သူ မက်ခ် ဒီဗာ့ချ်ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ယနေ့မှာပဲ တင်းဘားကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီး တင်းဘားဟာ အာဆင်နယ်မှာ တပတ် လုပ်ခလစာ ပေါင် ၁သိန်း ဝန်းကျင်နဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အာဆင်နယ်ဟာ တင်းဘားကို ခေါ်ယူနိုင်ဖို့ အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိတော့မယ့် အကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး အာဆင်နယ်က တင်းဘားအတွက် ဒုတိယမြောက် တရားဝင် ကမ်းလှမ်းမှု လုပ်ဖို့ စီစဉ်ထားကာ အာဆင်နယ်ဟာ တင်းဘားကို ပေါင် ၄၀သန်းကျော်နဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေကြောင်း ဆိုပါတယ်။