ဆယ်ကျော်သက် လူငယ် ကွင်းလယ်ကစားသမားလေး ကိုဘီ မိန်းနူးဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက်တော့ တကယ့်ကို ရတနာတစ်ပါးလိုပဲလို့ အက်စတွန် ဗီလာနဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ ယိုရီ တီလေမန်းစ် အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။

အသက် (၁၈)နှစ်သာ ရှိနေသေးတဲ့ ကွင်းလယ်ကစားသမား မိန်းနူးဟာ ယူနိုက်တက် စီနီယာအသင်းမှာ ပုံမှန် ပွဲကစားခွင့်တွေ ရရှိနေရင်းကနေ အင်္ဂလန် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံရလာပြီး ဘယ်လ်ဂျီယံနဲ့ ခြေစမ်းပွဲမှာပဲ အင်္ဂလန်အတွက် ပထမဆုံး ပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

Photo Credit : TimeLive

ယူနိုက်တက်မှာ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ခဲ့တဲ့ မိန်းနူးဟာ သူရဲ့ လက်ရွေးစင် ကစားသမားဘဝ ပထမဆုံး ပွဲထွက်ကစားသမားအဖြစ် ကစားရတဲ့ ပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့လို့ တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားဆုပါ ပိုင်ဆိုင်ခဲ့ရင်း ဘောလုံးနယ်ပယ်က ကစားသမားတွေ နည်းပြတွေရဲ့ ချီးကျူးမှုတွေပါ ရရှိလာခဲ့ပါတယ်။

အခုလည်း ခြေစမ်းပွဲမှာ မိန်းနူးနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ တီလေမန်းစ်က မိန်းနူးနဲ့ ပတ်သက်ပြီး “ကျွန်တော် ဒီကစားသမားလေးနဲ့ ပတ်သက်ပြီး ပြောစရာ စကားတောင် မရှိတော့ပါဘူး။ သူနဲ့ ယှဉ်ပြိုင်နေရတာက ရွိုင်ကိန်းကြီးက သူကိုယ်တိုင် ဝင်ကစားနေသလိုမျိုးတောင် ခံစားမိရတယ်။”

Photo Credit : Getty Images

“သူက အသက်အရွယ်နဲ့ မလိုက်အောင် သန်မာတယ်။ ဖြတ်လတ်တယ်။ ဘောလုံးစကေးလည်း ကောင်းမွန်တယ်။ သူရဲ့ ဘောလုံး vision နဲ့ ဘောလုံး ပေးပို့မှုတွေကလည်း တကယ်ကို ထူးချွန်လွန်းလှပါတယ်။ ယူနိုက်တက်ကတော့ ရတနာလေးတစ်ပါး ရထားသလိုပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီကနေ စတင်ပြီး ယူနိုက်တက်အတွက် ပွဲပေါင်းများစွာ ကစားခွင့် ရရှိလာခဲ့တဲ့ မိန်းနူးဟာ သူရဲ့ ခြေစွမ်းတွေကြောင့်ပဲ ဝါရင့် ကွင်းလယ်လူ အဲရစ်ဆင်နဲ့ ဒီနှစ်မှ အသင်းကို ရောက်ရှိလာတဲ့ အမ်မရာဘတ်တို့ကိုပါ နေရာပျောက်စေနိုင်ခဲ့ပါတယ်။