ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့သူ နည်းပြ သောမတ်စ်တူဟယ်လ်က သူ့အသင်းဟောင်း ချဲလ်ဆီးမှာ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ ချဲလ်ဆီး ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ဘိုင်ယန်အသင်းဆီ အရ ခေါ်ဆောင်သွားချင်နေတယ်လို့ သိရပါတယ်။
Photo Credit : The Real Champs
နာမည်ကျော် ဂျာမန်လူမျိုး ဘောလုံးနည်းပြ တူဟယ်လ်ဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာ ချဲလ်ဆီးအသင်းကို ကိုင်တွယ်စဉ်တုန်းက အသင်းက သူ့ကို (၁၈)လ+(၁)နှစ်သက်တမ်းတိုးခွင့်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး တူဟယ်လ်က သူရဲ့ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးရာသီမှာပဲ အသင်းကို ချန်ပီယံလိဂ်ဖလားကြီး ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ အတော်လေးကို အထင်ကြီးလောက်စရာ စွမ်းဆောင်မှုမျိုး လုပ်ဆောင်နိုင်ခဲ့တဲ့ တူဟယ်လ်ဟာ ၂၀၂၄ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခံရပေမယ့် ၂၀၂၂ခုနှစ် စက်တင်ဘာလအစပိုင်းမှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။
Photo Credit : FC Bayern Munich
အဲ့ဒီအချိန်ကတည်းကနေ အသင်းလက်မဲ့ ဖြစ်လာခဲ့ရသူ တူဟယ်လ်ဟာ မကြာသေးခင်ကပဲ ဘိုင်ယန်မြူးနစ် နည်းပြရာထူးကို တာဝန်ယူခွင့် ရရှိခဲ့ရပြီး မနေ့ကပဲ ဘိုင်ယန်အသင်းသားတချို့နဲ့အတူ လေ့ကျင့်ခန်း အစီအစဉ်တွေ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဘိုင်ယန်က လက်ရှိမှာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့အတူ ကွာတားအထိ တတ်လှမ်းထားပေမယ့်လည်း ဘွန်ဒက်စ်လီဂါဘက်မှာတော့ အမှတ် ဆုံးရှုံးမှုတွေ များပြားနေရပြီး အမှတ်ပေးဇယားမှာပါ အဆင့်(၂)နေရာကို ရောက်ရှိနေရပါတယ်။
Photo Credit : Goalzz
ဒီအချိန်မှာ တူဟယ်လ်က လာမယ့် ဘောလုံးရာသီအတွက် ကစားသမား အင်အားဖြည့်တင်းဖို့ကို အသင်းဟောင်းက သူ့တပည့်ဟောင်း မေဆန်မောင့်ကို ချိန်ရွယ်လာပါတယ်။ မေဆန်မောင့်က လက်ရှိမှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေရပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်လည်း သက်တမ်းမတိုးဖြစ်ဖို့တောင် အခြေအနေများနေတယ်လို့ သိထားရတာကြောင့် ဒီအနေအထားကို ပရီးမီးယားလိဂ်အသင်းတွေနဲ့အတူ တူဟယ်လ်ကလည်း စောင့်ကြည့်နေမှာ သေချာပြီး စာချုပ်ကိစ္စသာ ထပ်မဖြစ်လာရင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနိုင်ပါတယ်။