ဟောင်ကောင်မှာ ကျင်းပမယ့် တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီ ရာသီကြို ခြေစမ်းပွဲစဉ်ဟာ ခြေစမ်းပွဲသက်သက်မဟုတ်ဘဲ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာမယ်လို့ စပါးနည်းပြ သောမတ်စ် ဖရန့်ခ်က ဒါဘီပြိုင်ဘက် အာဆင်နယ်ကို သတိပေးလိုက်ပါတယ်။
ကြာသပတေးနေ့ မနက်ဖြန် ဟောင်ကောင်မှာ ယှဉ်ပြိုင်မယ့် တော့တင်ဟမ်နဲ့ အာဆင်နယ်တို့ရဲ့ မြောက်လန်ဒန်ဒါဘီ ခြေစမ်းပွဲစဉ်ဟာ ခြေစမ်းပွဲသက်သက် မဟုတ်ဘူးလို့ စပါးနည်းပြဖရန့်ခ်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။
Photo Credit : talkSPORT
ဒီပွဲစဉ်ဟာ ပြိုင်ဘက်ဟောင်း နှစ်သင်းကြား ဗြိတိန်ပြင်ပမှာ ပထမဆုံးအကြိမ် ကစားမယ့်ပွဲဖြစ်ပြီး စပါးနည်းပြသစ် ဖရန့်ခ်က “ဒါဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်တွေဖြစ်တဲ့အပြင် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာ ကမ္ဘာ့ထိပ်တန်းအသင်းတွေထဲက တစ်သင်းဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ရိုးရိုးသားသား ဝန်ခံရမယ်။ ဒီလိုဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာမှာပါ၊ ဒါပေမဲ့ ဒါဟာ စမ်းသပ်မှုတစ်ခုထက် ပိုပါတယ်။ အာဆင်နယ်နဲ့ပွဲက ခြေစမ်းပွဲသက်သက် မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
ဒီပွဲစဉ်ကို ပရိသတ် ၅၀,၀၀၀ ဆံ့တဲ့ Kai Tak Sports Park မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပိုပြီး ဖိအားများတဲ့ ပွဲစဉ်တစ်ခု ဖြစ်လာစေမှာပါ။ စပါးအသင်း နောက်ခံလူ မစ်ကီ ဗန် ဒီ ဗန် ကလည်း “လန်ဒန်မှာ ကစားသလိုပဲ ဒီပွဲကိုလည်း အလေးထားသွားမှာပါ။ ကွင်းကတော့ ပရိသတ်တွေနဲ့ ပြည့်နေမှာဖြစ်ပြီး ကျွန်တော်တို့ဘက်က ပရိသတ်တွေ အများကြီး ရှိနေမှာဆိုတော့ သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
Photo Credit : Sportstars
ပြီးခဲ့တဲ့ရာသီက အန်ဂ် ပိုစတယ်ကိုးဂလူးလက်အောက်မှာ စပါးအသင်းရဲ့ ကန်တင်ဘောတွေ အားနည်းချက်ကြောင့် လှောင်ပြောင်ခံခဲ့ရပေမယ့် ဒီအားနည်းချက်ကို ပြန်လည်ဖြေရှင်းဖို့အတွက် အာဆင်နယ်ရဲ့ ကန်တင်ဘောကျွမ်းကျင်သူဟောင်း အန်ဒရေယပ်စ် ဂျော့ဂ်ဆန်ကို ခေါ်ယူခဲ့ပါတယ်။ ဂျော့ဂ်ဆန်ဟာ နည်းပြ ဖရန့်နဲ့ ဘရန့်ဖို့ဒ်မှာလည်း အတူတွဲလုပ်ခဲ့ဖူးသူပါ။
“ဒီနှစ်မှာ အဲဒါကို ပြောင်းလဲပြီး တိုက်စစ်ရော ခံစစ်မှာပါ ကျွန်တော်တို့အတွက် အားသာချက်ဖြစ်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဗန် ဒီ ဗန်က ထပ်ပြောပါတယ်။ နည်းပြ ဖရန့်ဟာ ကလပ်အသင်းခေါင်းဆောင် ဆွန် ဟောင်မင်ရဲ့ မရေရာတဲ့ အနာဂတ်အကြောင်းကိုလည်း ပြောဆိုခဲ့ပါသေးတယ်။ ဆွန်ဟာ MLS ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ “အခုချိန်မှာတော့ ဆွန်နီ ဒီမှာရှိနေတာကို အရမ်းပျော်ပါတယ်။ သူ လေ့ကျင့်ခန်း ကောင်းကောင်းဆင်းခဲ့တယ်။ ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့တယ်။ သူ အသင်းလူစာရင်းမှာ ပါဝင်ပြီး ဒီနေ့လည်း လေ့ကျင့်ခန်း ဆင်းပါလိမ့်မယ်။” လို့ ဖရန့်က ပြောကြားခဲ့ပါတယ်။