တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြသစ် သောမတ်စ် ဖရန့်ခ်က ဥရောပစူပါဖလားပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရင်နာဖွယ်ရာ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတောင် သူ့အသင်းဟာ ကမ္ဘာ့ပေါ်က ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်ကစားနိုင်တယ် ဆိုတာကို သက်သေပြခဲ့ကြောင်း ဂုဏ်ယူစွာ ပြောကြားလိုက်ပါတယ်။

စပါးအသင်းဟာ ချန်ပီယံလိဂ် ချန်ပီယံ ပီအက်စ်ဂျီအသင်းကို ပွဲပြီးဆုံးဖို့ (၅)မိနစ်အလိုအထိ ၂-၀ နဲ့ အပြတ်အသတ် ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ ရင်နာစရာကောင်းစွာ ပြိုလဲခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာပဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Sky Sports

ပွဲအပြီးမှာ နည်းပြဖရန့်ခ်က TNT Sports ကို ပြောကြားရာမှာ “ကျွန်တော်ထင်တယ်၊ ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်း ဒါမှမဟုတ် အကောင်းဆုံးအသင်းနဲ့ ကစားခဲ့ရပြီး ပွဲကောင်းတစ်ပွဲ ကစားနိုင်ခဲ့ပါတယ်။ မိနစ်(၈၀)ကျော်လောက်အထိ သူတို့ကို ကျွန်တော်တို့ လိုချင်တဲ့နေရာမှာ အတိအကျ ထိန်းချုပ်ထားနိုင်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ပွဲရဲ့အရှိန်အဟုန်က ပြောင်းလဲသွားခဲ့ပေမယ့် အသင်း၊ ကစားသမားတွေ၊ ကလပ်နဲ့ ပရိသတ်တွေအတွက် ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။”

“ကျွန်တော်တို့အသင်းဟာ အခြေအနေအရ လိုက်လျောညီထွေဖြစ်အောင်နဲ့ လက်တွေ့ကျကျ ကစားနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့တယ်။ ပီအက်စ်ဂျီလိုအသင်းမျိုးနဲ့တွေ့တဲ့အခါ ဖိအားမြင့်ပေးကစားတာရော၊ ခံစစ်ကိုနိမ့်ပြီးကစားတာပါ နှစ်မျိုးလုံးနဲ့ ကာကွယ်ဖို့ လိုအပ်ခဲ့ပါတယ်။ ပထမပိုင်းကတော့ ပြီးပြည့်စုံသလောက်နီးပါး ကောင်းမွန်ခဲ့ပြီး အလွတ်တည်ကန်ဘောတွေကလည်း အရမ်းအန္တရာယ်များခဲ့ပါတယ်။ ဒီပွဲတစ်ပွဲတည်းနဲ့တင် ကျွန်တော်တို့ ကမ္ဘာပေါ်က ဘယ်အသင်းနဲ့မဆို ကစားနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒီအပေါ်မှာ သံသယမရှိပါဘူး။ ဒါက ဒီပွဲကနေ ကျွန်တော်တို့ ယူဆောင်သွားရမယ့် အကောင်းမြင်စရာတစ်ခုပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TNT Sports

စပါးအသင်းရဲ့ ရှုံးနိမ့်ခဲ့ရတဲ့ပုံစံဟာ ရလဒ်ထက် ကစားသမားတွေအတွက် ပိုပြီးသင်ခန်းစာရစရာဖြစ်နိုင်ပါတယ်။ နည်းပြဖရန့်ခ်ကတော့ ဒီရှုံးပွဲအတွက် စိတ်ပျက်မှုကို အချိန်အကြာကြီး သယ်ဆောင်သွားမှာမဟုတ်ဘဲ သူဘရန့်ဖို့ဒ်အသင်းမှာ ကျင့်သုံးခဲ့တဲ့ “၂၄ နာရီ စည်းမျဉ်း” ကို အသုံးပြုပြီး နောက်ပွဲအတွက် အမြန်ဆုံးပြန်လည်ပြင်ဆင်သွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

“ကျွန်တော့်မှာ (၂၄)နာရီ စည်းမျဉ်းတစ်ခုရှိပါတယ်။ ဒီရှုံးပွဲအတွက် (၂၄)နာရီကြာ စိတ်ပျက်မှုတွေ ရှိနေမှာပါ။ ဒါပေမဲ့ ကြာသပတေးနေ့ (ယနေ့) နေ့လည်လောက်ဆို ကျွန်တော်တို့ အဆင်သင့်ဖြစ်နေလောက်ပါပြီ။ သောကြာနေ့မှာ ပိုပြီးအသင့်ဖြစ်လာမယ်။ ပြီးရင်တော့ သီတင်းပတ်ကုန်မှာ အကောင်းဆုံးပုံစံနဲ့ ပျံသန်းနိုင်ဖို့ သေချာအောင် လုပ်ဆောင်သွားမှာပါ။” လို့ သူက ဆိုပါတယ်။ စပါးအသင်းဟာ အီတလီမှာပွဲပြီးလို့ (၃)ရက်မပြည့်ခင်မှာပဲ လာမယ့်စနေနေ့မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဘန်လေအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။