ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမားဖြစ်သူ တီဘို ကော်တွိုက်ဟာ ACL Injury အခြေအနေကြောင့် လာမယ့် ဇွန်လမှာ ကျင်းပသွားမယ့် ယူရို-၂၀၂၄ပြိုင်ပွဲကြီးကိုပါ ပါဝင် ဆင်နွဲနိုင်တော့မှာ မဟုတ်ကြောင်း ကော်တိုအာ ကိုယ်တိုင် ဖွင့်ဟသွားခဲ့ပါတယ်။

ရီးယဲလ် နဲ့ ဘယ်လ်ဂျီယံအသင်းတို့အတွက် အားထားရတဲ့ ဂိုးသမား ကော်တွိုက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဘယ်ဘက်ဒူးအရွတ် စုတ်ပြဲမှုဒဏ်ရာ ခံစားခဲ့ရတာကြောင့် ခွဲစိတ်မှုတွေ ခံယူခဲ့ရရင်း ကာလအတန်ကြာ အနားယူနေရတာပဲ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

သူရဲ့ ဒဏ်ရာကြောင့် ရီးယဲလ်အသင်းက နွေဈေးကွက်ထဲမှာ ချယ်လ်ဆီးအသင်းရဲ့ စပိန် ဂိုးသမား ကယ်ပါကို တစ်ရာသီ အငှားနဲ့ ခေါ်ယူထားခဲ့ရပေမယ့်လည်း လက်ရှိမှာတော့ ကော်တွိုက်အပြင် မီလီတာအို နဲ့ အလာဘာတို့ပါ ACL Injury တွေ ရရှိနေပြီး ရာသီကုန်အထိ အနားယူရပါတော့မယ်။

အသက် (၃၁)နှစ်အရွယ် ဂိုးသမား ကော်တွိုက်ရဲ့ ဒဏ်ရာဟာလည်း လာမယ့် ၂၀၂၄ခုနှစ် မေလ ဒါမှမဟုတ် ဇွန်လလောက်မှသာ သက်သာလာဖွယ် ရှိနေပြီး ကော်တွိုက်အနေနဲ့ကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲကို သူ ပါဝင်နိုင်တော့မှာ မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Fabrizio Romano

“ဒဏ်ရာ ပြသာနာကြောင့် ကျွန်တော် ယူရိုပြိုင်ပွဲကို ပါဝင်သွားဖို့ မရှိပါဘူး။ ကျွန်တော်အနေနဲ့ ရာနှုန်းပြည့် ပြန်လည် သက်သာလာဖို့အတွက်ကိုသာ ဦးစားပေးသွားရမှာဖြစ်ပြီး အဲ့ဒီအပေါ်မှာတော့ သိပ်ပြီး စွန့်စားတာတွေ မလုပ်ဆောင်တာ ပိုကောင်းပါလိမ့်မယ်။”

“ကံကောင်းခဲ့မယ်ဆိုရင်တော့ ကျွန်တော် မေလထဲမှာပဲ ရီးယဲလ်အသင်းအတွက် တစ်ပွဲလောက်ဖြစ်ဖြစ် ကစားနိုင်လိမ့်မယ် ဆိုပေမယ့် ဒါကိုတော့ အတင်းကြီး လုပ်ဆောင်မှာ မဟုတ်ပါဘူး။ အသင်းကလည်း ကျွန်တော့်ကို ဒဏ်ရာကနေ ရာနှုန်းပြည့် သက်သာလာပြီး ကြံခိုင်မှု ပြည့်နေတာမျိုး ဖြစ်စေချင်တာ။ ဒါကြောင့် အစောကြီး ပြန်ကစားဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်တာ သေချာပါတယ်။ ကျွန်တော် ယူရိုပြိုင်ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူး။” လို့ ကော်တွိုက်က ရှင်းလင်း ပြောကြားသွားပါတယ်။