ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လူငယ် ကစားသမားလေး ဂါဗီရဲ့ ACL ဒဏ်ရာ အခြေအနေကြောင့် ဂါဗီနေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတွေကို ရှာဖွေလျက် ရှိနေရာ ကစားသမားဟောင်း သီယာဂို အယ်လ်ကန်တာရာကိုလည်း စောင့်ကြည့်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဘောလုံးသမားတိုင်းအတွက် အိမ်မက်ဆိုးကြီးတစ်ခုဖြစ်တဲ့ ACL ဒဏ်ရာကို ခံစားလိုက်ရတဲ့ ဂါဗီဟာ ဒီဒဏ်ရာ အခြေအနေကြောင့် ရာသီကုန်အထိ အနားယူသွားရဖို့က သေချာသွားခဲ့ပြီ ဖြစ်သလို ကာလရှည်ကြာလည်း အနားယူသွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Independent

ဒါကြောင့်လည်း ဘာစီလိုနာက ဂါဗီနေရာမှာ အစားထိုးဖို့အတွက် ကစားသမားသစ်တစ်ဦး ရှာဖွေလျက် ရှိနေပြီး လက်ရှိ ဘာစီလိုနာနဲ့ သတင်းထွက်နေတဲ့ ကစားသမားတွေထဲမှာ စပါးက လိုဆယ်ဆို နဲ့ ပီအက်စ်ဂျီက ဖာဘီယန်ရုဇ်တို့အပြင် ကစားသမားဟောင်း သီယာဂိုလည်း ပါဝင်လာခဲ့ပါတယ်။

သီယာဂို အယ်လ်ကန်တာရာက ၂၀၀၅ခုနှစ်ကတည်းက ဘာစီလိုနာ လူငယ်အကယ်ဒမီမှာ စတင် ပါဝင်ခဲ့ရင်း (၄)နှစ်အကြာမှာပဲ ဘာစီလိုနာ စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။ သီယာဂိုဟာ ဘာစီလိုနာအတွက် (၃)ရာသီအတွင်း ပွဲပေါင်း (၁၀၁)ပွဲ ကစားပေးရင်း သွင်းဂိုး (၁၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Instagram

သီယာဂိုကို လက်ရှိ ဘာစီလိုနာ နည်းပြ ဇာဗီ အလွန်ဆိုကိုယ်တိုင် အလွန် ထူးခြားလှတဲ့ ကစားသမားတစ်ဦးလို့ ချီးကျူးထားတာကြောင့် အခု ဂါဗီ ဒဏ်ရာကြောင့် အနားယူရနေတဲ့ အချိန်မှာ သီယာဂိုကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ဖွယ် ရှိနိုင်ပါတယ်။

အသက် (၃၂)နှစ်အရွယ် စပိန် ဝါရင့် ကွင်းလယ်လူ သီယာဂိုဟာလည်း လက်ရှိ လီဗာပူးလ်အသင်းမှာ ကြံခိုင်မှု မပြည့်ဝမှုကြောင့် ဒီရာသီထဲ တစ်ပွဲမှကို ပါဝင်ထားနိုင်ခြင်း မရှိသေးသလို သူရဲ့ စာချုပ်သက်တမ်းကလည်း ဒီရာသီအကုန်မှာပဲ ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။