ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် မီခေး အာတီတာက ယမန်နေ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၈)မှာ ပြိုင်ဘက် ဘရန့်ဖို့ဒ်ကို နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက် လာမယ့် ကြားရက်မှာ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ပြိုင်ဘက် ပေါ်တိုကို အိမ်ကွင်းမှာ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်မယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၈) အဖြစ် ဘရန့်ဖို့ဒ်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရာ ဒီကလန်ရိုက်စ်နဲ့ ဟားဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အာဆင်နယ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေ ကောင်းနေပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရုန်းကန်နေရပြီး ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ပေါ်တိုကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားပါတယ်။

ပထမအကျော့မှာ ရှုံးနိမ့်ထားတာကြောင့် အာဆင်နယ်က ကွာတားဖိုင်နယ်ဆီ တက်ချင်ရင် ဒုတိယအကျော့ အဖြစ် အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်မှာ ပေါ်တိုကို အနည်းဆုံး ၂ဂိုးပြတ် ကစားဖို့ လိုအပ်နေပြီး ပေါ်တိုက ကစားအား ကောင်းကာ မာကျောတဲ့အသင်း ဖြစ်တာကြောင့် အာဆင်နယ်တို့ ပေါ်တိုကို အနိုင်ယူဖို့ ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။

Photo Credit: Express

အာဆင်နယ်နည်းပြချုပ် အာတီတာကတော့ ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီးမှာ သူတို့အသင်းဟာ လာမယ့် အင်္ဂါနေ့ညမှာ ပေါ်တိုကို အနိုင် ကစားမှာ ဖြစ်လို့ ပရိသတ်တွေအနေနဲ့ အဆိုပါပွဲကို မဖြစ်မနေ လာရောက် အားပေးစေချင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အာတီတာက – “ပေါ်တိုနဲ့ပွဲမှာ အမ်းမရိတ်ကွင်းက ခင်ဗျားတို့တွေ တသက်မှာ တခါမှ မမြင်ဖူးတဲ့ အားအင်တွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။ ဒါကြောင့် ပရိသတ်တွေက အသံတွေ ၊ ခွန်အားတွေ ၊ ပြင်းပြတဲ့ စိတ်ဓာတ်တွေ ယူဆောင်လာဖို့ ကွင်းထဲကို လာခဲ့ကြပါ။ အဲ့ဒီပွဲမှာ ကျွန်တော်တို့က အရမ်း လှပတဲ့ အရာလေးတွေကို (ပေါ်တိုကို အနိုင်ယူမယ်လို့ ရည်ရွယ်တာပါ) မြင်ရပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။