မန်ချက်စတာ စီးတီးအသင်း နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက ဒီနှစ်အတွက် ချီးမြှင့်သွားမယ့် ဘာလွန်းဒေါဆု ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို လီယွန်နယ် မက်ဆီ နဲ့ အာလင်း ဟာလန်းတို့ နှစ်ဦးစလုံးအတွက် ဆု(၂)ဆုအဖြစ် ခွဲပေးသင့်တယ်လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

၂၀၂၃ ဘာလွန်းဒေါဆုပေးပွဲကို ဒီကနေ့ မြန်မာစံတော်ချိန် ည(၁၂)နာရီခွဲအချိန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ Théâtre du Châtelet ပြဇာတ်ရုံကြီးအတွင်း စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပသွားမှာဖြစ်ပြီး ဒီနှစ်မှာလည်း မက်ဆီကပဲ (၈)ကြိမ်မြောက် ဘာလွန်းဒေါဆုကို ပိုင်ဆိုင်နိုင်ဖို့ အပြတ်အသတ် ရေပန်းစားနေပါတယ်။

Photo Credit : Manchester City News

ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်း ဘောလုံးလောကရဲ့ GOAT ကြီး တစ်ပါးဖြစ်သူ မက်ဆီက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့တာဖြစ်ပြီး အဲ့ဒီပြိုင်ပွဲမှာလည်း အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

ဟာလန်းကတော့ မနှစ်က ဘောလုံးရာသီထဲ မန်စီးတီးနဲ့ Treble Champions ဖလား(၃)လုံး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် တာထွက်မှာ (၃၆)ဂိုးထိ သွင်းယူနိုင်ရင်း စံချိန်တင်နိုင်ခဲ့သလို တစ်ရာသီလုံးမှာလည်း စုစုပေါင်း (၅၂)ဂိုးတောင် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီကစားသမားနှစ်ဦးနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “ကျွန်တော် ဒီကစားသမားနှစ်ယောက်လုံးအတွက် ကြီးမားတဲ့ ချစ်ခင်မှုတွေ ရှိပါတယ်။ တကယ်လို့ မက်ဆီက ဘာလွန်းဒေါဆုကို ရသွားခဲ့ရင် သူက ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့တာမို့ ဒါက မျှတမှု ရှိပါတယ်။”

“ဒါမှမဟုတ် ဟာလန်းက ဒီဆုကို ရသွားခဲ့မယ်ဆိုရင်လည်း ဘောလုံးရာသီ တစ်ရာသီလုံး သူစွမ်းဆောင်ခဲ့တာတွေနဲ့ ယှဉ်ကြည့်ရင် ဒါကလည်း မျှတနေပါတယ်။ နှစ်ယောက်လုံးက ဒီဆုအတွက် ထိုက်တန်နေတာဖြစ်လို့ ဒီနှစ်မှာ ဆု(၂)ဆုတောင် ခွဲပြီး ချီးမြှင့်သင့်ပါတယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။