ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် တောင်ပံကစားသမားလေး လာမင်း ယာမားလ်ကတော့ သူတို့ ဘာစီလိုနာအသင်းဟာ ဘယ်ကလပ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြထားနိုင်ပြီလို့ ကြုံးဝါး ပြောကြားလိုက်ပါတယ်။

မနေ့ညက ဘာနေဗျူးကွင်းမှာ ကစားသွားခဲ့တဲ့ ရီးယဲလ် မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်စီကို ပွဲစဉ်မှာ ဧည့်သည် ဘာစီလိုနာအသင်းက လီဝန်ဒေါစကီးရဲ့ သွင်းဂိုး (၂)ဂိုး ယာမားလ် ရာဖင်ဟာတို့ရဲ့ ဂိုးတွေနဲ့ အဝေးကွင်းမှာ (၄)ဂိုးပြတ်နဲ့ကို အပြတ်အသတ် အနိုင်ယူခဲ့ရင်း ရီးယဲလ်ကိုလည်း (၆)မှတ်အထိ ဖြတ်တောက်နိုင်ခဲ့ပါတယ်။

Photo Credit : Opta Analyst

ဒီပွဲမှာလည်း ဘာစီလိုနာရဲ့ ဆယ်ကျော်သက် လူငယ်ကစားသမားလေး ယာမားလ်က ဘာစီလိုနာအတွက် တတိယမြောက်သွင်းဂိုးကို သွင်းယူခဲ့ပြီး အယ်လ်ကလက်စီကို ပွဲစဉ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းယူသူအဖြစ်နဲ့ပါ စံချိန်သစ် ရေးထိုးလိုက်နိုင်ခဲ့ပါတယ်။

ကစားသမားဘဝရဲ့ ပထမဦးဆုံး အယ်လ်ကလက်စီကို သွင်းဂိုးကို စတင် သွင်းယူနိုင်ခဲ့တဲ့ အသက် (၁၇)နှစ်အရွယ် ညာတောင်ပံကစားသမားလေး ယာမားလ်က “ကျွန်တော်တို့က လက်ရှိ ကမ္ဘာမှာ အကောင်းဆုံးအသင်းလို့ ယုံကြည်မိပါတယ်။ သူတို့တွေကတော့ ကျွန်တော်တို့ဟာ သာမန် အသင်းလေးတွေကိုပဲ အနိုင်ယူနေတယ်လို့ ပြောကြတယ်။”

Photo Credit : Fabrizio Romano

“အခု ကျွန်တော်တို့က ရီးယဲလ်အသင်းကိုတောင် သူတို့အိမ်ကွင်းမှာ (၄)ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ အခုကတော့ ကျွန်တော်တို့အသင်းဟာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြထားနိုင်ပါပြီ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ယာမားလ်က ရီးယဲလ် မက်ဒရစ် ကစားသမားတွေက သူဟာ ဘယ်ခြေတပေါက်တည်း မဟုတ်ဘဲညာခြေကိုပါ ကောင်းကောင်း အသုံးပြုနိုင်တယ်ဆိုတာကို မသိထားလောက်ဘူး ထင်တာမို့ ဒီပွဲမှာ ညာခြေကို အသုံးချသွားခဲ့တာလို့လည်း ဆိုခဲ့ပါသေးတယ်။