မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် နဲ့ တောင်ပံ တိုက်စစ်ကစားသမား ဂျေဒန် ဆန်ချိုတို့ဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဥ်အပြီးမှာ ဆရာတပည့် နှစ်ဦးအကြားမှာ ဆက်ဆံရေးပိုင်း မပြေလည်စရာ အခြေအနေလေးတွေ ရှိသွားခဲ့ရပါတယ်။

အာဆင်နယ် နဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဥ်အတွင်း ဒဏ်ရာ ရရှိထားခြင်း လုံးဝ ရှိမနေသော ဆန်ချိုက ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းမှာရော အရန်လူစာရင်းမှာပါ အံ့အားသင့်စဖွယ် ပါဝင်လာခြင်း မရှိခဲ့ခြင်းအပေါ် မေးမြန်းလာရာ တန်ဟက်ဂ်က ဆန်ချိုဟာ အသင်း လေ့ကျင့်ရေးကွင်းထဲ ပုံစံကောင်း မပြနိုင်ခဲ့လို့ ဒီပွဲမှာ ချန်လှပ်ခဲ့ရတာလို့ ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : Clutch Points

တန်ဟက်ဂ်ရဲ့ ဒီလို ပြောဆိုမှုကို ဆန်ချိုဘက်က လုံးဝ လက်ခံနိုင်ခြင်း မရှိပဲ ချက်ချင်းဆိုသလို သူရဲ့ တရားဝင် တွစ်တာပေါ်ကနေ ထုတ်ပြန်ချက်တစ်ခု ချက်ချင်း ထုတ်ပြန်လိုက်ပါတယ်။ “ကျေးဇူးပြုပြီး သင်တို့ ဖတ်သမျှအရာတွေကို မယုံပါနဲ့။ လူတွေက လုံးဝမှန်ကန်မှု မရှိတဲ့ အရာတွေအကြောင်း ပြောဆိုနေတာကို ကျွန်တော် ခွင့်မပြုနိုင်ပါဘူး။ ကျွန်တော် ဒီတစ်ပတ် လေ့ကျင့်ရေးကွင်းမှာ အရမ်းကောင်းခဲ့တယ်။”

“ကျွန်တော် ပါဝင်ကစားနိုင်ခြင်း မရှိရတဲ့နောက်မှာ တခြား အကြောင်းကိစ္စတွေ ရှိနေမယ်လို့ ယုံကြည်မိတယ်။ ကျွန်တော်က ဓားစာခံတစ်ဦးလို ဖြစ်နေရတာ အရမ်းကြာနေပါပြီ။ ဒါက လုံးဝ မတရားပါဘူး။ ကျွန်တော် အလုပ်ချင်ဆုံးက ကျွန်တော် ပြုံးပျော်ပြီး ဘောလုံးကစားချင်တယ်။ ကျွန်တော့် အသင်းအတွက် ကောင်းကောင်း အကျိုးပြုသွားချင်တယ်။”

Photo Credit ; Sky Sports

“နည်းပြအဖွဲ့ဝင်တွေရဲ့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေအားလုံးကို ကျွန်တော် လေးစားပါတယ်။ ကျွန်တော်ဟာ ကောင်းမွန်တဲ့ ကစားသမားတွေနဲ့အတူ ကစားခဲ့ပါတယ်။ အပတ်တိုင်း စိန်ခေါ်မှုတစ်ခုဆိုတာ ကျွန်တော်သိထားရလို့ ဒီလို လုပ်ဆောင်ရတာကိုလည်း နှစ်ခြိုက်ရတယ်။ ဘာတွေပဲဖြစ်ဖြစ် ကျွန်တော့်အသင်းရဲ့ တံဆိပ်အတွက် ကျွန်တော် ဆက်ကစားပေးသွားမှာပါ” လို့ ဆန်ချိုက သူ့ Statement မှာ ရေးသားထားပါတယ်။

ဒီလို ရှင်းလင်းမှု တစ်ခု ထုတ်ပြန်ထားတဲ့ ဆန်ချိုဟာ နိုင်ငံတကာ ရက်သတ္တပတ်အတွင်း အင်္ဂလန် လက်ရွေးစင်အသင်းအတွက်လည်း ရွေးချယ်ထားခံရခြင်း မရှိတာကြောင့် International Break ကာလအတွင်း ယူနိုက်တက်အသင်းနဲ့ပဲ ဆက်လက် လေ့ကျင့်ခန်းဆင်းရပြီး တန်ဟက်ဂ်နဲ့ပါ အမြဲတမ်း မျက်နှာချင်းဆိုင်ရဖွယ် ရှိနေပါတယ်။