ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံ တိုက်စစ်ကစားသမား အူစမန် ဒမ်ဘီလီက သူ့အသင်းဟောင်း ဘာစီလိုနာနဲ့ ရင်ဆိုင် ကစားရချိန်မှာ သူ့အပေါ် အသင်းပရိသတ်တွေက လှောင်ပြောင်ကြတာဟာ သာမန်ကိစ္စ တစ်ခုပါပဲလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ပြင်သစ် လက်ရွေးစင် တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ၂၀၁၇ကတည်းက ဒေါ့မွန်ကနေ ဘာစီလိုနာဆီ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာပြသာနာတွေနဲ့သာ လုံးပန်းရင်း (၆)ရာသီအတွင်း (၁၈၅)ပွဲသာ ကစားခဲ့ရသလို ဒီနွေမှာလည်း ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။

Photo Credit : Malay Mail

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ဒမ်ဘီလီဟာ သူ့အသင်းဟောင်း ဘာစီလိုနာနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရပြီး ပဲရစ်မှာ ရင်ဆိုင်ခဲ့ရချိန်တုန်းက သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့သလို ဘာစီလိုနာမှာ ထပ်မံ ကစားရချိန် ဒုကျော့မှာလည်း သွင်းဂိုးတစ်ဂိုးနဲ့ ပင်နယ်တီပါ ဖန်တီးပေးခဲ့ပါသေးတယ်။

အသင်းဟောင်းနဲ့ တွေ့ဆုံရချိန်မှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ဒမ်ဘီလီဟာ သူ့အသင်းဟောင်းက ပရိသတ်တွေကို အားနာတဲ့ အပြုအမှုတွေ မရှိခဲ့သလို ဘာစီလိုနာ ပရိသတ်တွေကလည်း သူတို့ကစားသမားဟောင်းအပေါ် လှောင်ပြောင် ကဲ့ရဲ့မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit : Goal

အခု ဒမ်ဘီလီရဲ့ ပီအက်စ်ဂျီက ဘာစီလိုနာကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆီ ရောက်ရှိသွားပြီ ဖြစ်သလို ဒမ်ဘီလီကလည်း သူ့အသင်းဟောင်းအပေါ် အကောင်းဆုံး တုံ့ပြန်လိုက်နိုင်ခဲ့ပါတယ်။ “ဘာစီလိုနာက ထိပ်တန်းကလပ်အသင်း တစ်သင်းပါ။ အဲ့ဒီမှာ ရှိနေခဲ့ရတာကိုလည်း ကျွန်တော် သဘောကျမိပါတယ်။”

“အခုတော့ ကျွန်တော်က ပဲရစ်မှာ ပျော်ရွှင်နေပါပြီ။ ကျွန်တော်တို့အသင်းဟာလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆီကို တက်လှမ်းနိုင်ခဲ့ပါပြီ။ ဘာစီလိုနာ ပရိသတ်တွေရဲ့ အော်ဟစ် လှောင်ပြောင်မှုနဲ့ ပတ်သက်ပြီးတော့ ဒါက ဘယ်ဘောလုံးကွင်းမှာမဆို ဖြစ်တက်တဲ့ သာမန်ကိစ္စပါပဲ။” လို့ ဒမ်ဘီလီက ပြောဆိုသွားခဲ့ပါတယ်။