ရီးယဲလ်မက်ဒရစ်အသင်းကတော့ မနေ့ညက သူတို့ရဲ့အိမ်ကွင်း ဘာနေဗျူးမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဥ် (၅)အဖြစ် စီးရီးအေကလပ် နာပိုလီအသင်းကို ဧည့်ခံကစားခဲ့ရင်း (4-2) နဲ့ အနိုင်ရသွားခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုပွဲ (၅)ပွဲလုံးကို ရာနှုန်းပြည့် နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဧည့်သည် နာပိုလီအသင်းက ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပေမယ့်လည်း ရီးယဲလ်ဘက်က ချက်ချင်း ချေပခဲ့ပြီး သိပ်မကြာခင်ပဲ ဘယ်လင်ဟမ်က ဦးဆောင်ဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နာပိုလီက ထပ်မံ ချေပခဲ့ပေမယ့်လည်း ရီးယဲလ်ဘက်က လူစားဝင် ကစားသမား (၂)ယောက်ရဲ့ သွင်းဂိုးတွေနဲ့ ရာနှုန်းပြည့် နိုင်ပွဲဆက်သွားခဲ့ရပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်မှာ ရီးယဲလ်အသင်းက အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ အာဂျင်တီးနား ဆယ်ကျော်သက် ကွင်းလယ်ကစားသမား နီကိုပက်ဇ်ကို ဒုတိယပိုင်း ပွဲချိန်အတွင်းမှာ လူစားဝင် ကစားစေခဲ့ပါတယ်။ ဒီကစားသမားလေး ရီးယဲလ်တို့ ကာဒစ်ဇ်ကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း ပွဲပြီးခါနီး မိနစ်အနည်းငယ်လေး ဝင်ကစားခွင့် ရရှိထားခဲ့ပါသေးတယ်။

ဘရာဂါနဲ့ ပွဲစဉ်မှာကတည်းက ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် အတွေ့အကြုံတွေ ရရှိထားတဲ့ နီကိုပက်ဇ်ဟာ နာပိုလီအသင်းနဲ့ ပွဲစဉ်မှာလည်း လူစားဝင် ကစားသမားအဖြစ် ထပ်မံ ကစားခွင့် ရရှိရင်း ပွဲချိန် (၈၄)မိနစ်မှာပဲ ရီးယဲလ်အသင်းအတွက် လိုအပ်နေတဲ့ တတိယမြောက် ဦးဆောင်ဂိုးကို (၂၅)ကိုက် အကွာကနေ သွင်းယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Sporting News

အသင်းအတွက် မိနစ်ပိုင်းလေးသာ ကစားခွင့် ရရှိတုန်း အခုလို အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ နီကိုပက်ဇ်က သူရဲ့ ဂိုးဟာ အိမ်မက်တစ်ခုလိုပဲလို့ ဖွင့်ဟသွားခဲ့ပြီး ကစားသမားဘဝရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဂိုး သွင်းယူခဲ့တဲ့ နီကိုပက်ဇ်ကိုလည်း ရီးယဲလ်အသင်းဖော်တွေက ဝိုင်းဝန်း ထောပနာပြုခဲ့ကြပါတယ်။

ကွင်းလယ်တိုက်စစ် နဲ့ ကွင်းလယ် ၊ ညာတောင်ပံနေရာတွေမှာ ကစားတက်သူ နီကိုပက်ဇ်ဟာ ၂၀၁၆ခုနှစ်ကတည်းက ရီးယဲလ် လူငယ် အကယ်ဒမီဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး လက်ရှိ ရီးယဲလ်အသင်းမှာ စီနီယာ ကစားသမားတွေ အမြောက်အများ ဒဏ်ရာရရှိနေတုန်း အသင်းအတွက် ပွဲကစားခွင့်တွေ ရရှိလာခဲ့သူလည်း ဖြစ်ပါတယ်။